ပြောင်းကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာရှစ်ဦးအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး
မဲခေါင်၊ ဖေဖော်ဝါရီ ၆
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ မယ်ပရပ် စစ်ဆေးရေးဂိတ်တွင် ပြောင်းကား ထဲ ပုန်းအောင်းလိုက်ပါလာသူ အထောက်အထားမဲ့ မြန်မာရှစ်ယောက်ကို ဖေဖော်ဝါရီ ၅ ရက်က ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ပြောင်းတင်ကားအတွင်း ပုန်းအောင်းလိုက်လာသည့် အမျိုးသား ခြောက်ယောက်နှင့် အမျိုးသမီး နှစ်ယောက်အား ထိုင်းအာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ ဖမ်းဆီးခံရခြင်းဖြစ်သည်။
မဲဆောက်တဖက်ကမ်း မြဝတီမြို့အား ကျားဖြန့်နှိမ်နင်းရေး စီမံချက်ကာလတွင် တာ့ခ်ခရိုင်အတွင်းရှိ ခရိုင်ခွဲငါးခုတွင် ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့များ စစ်ဆေးရေးတင်းကျပ်နေချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ထို့ကြောင့် မဲဆောက်ရဲစခန်းသို့ ကားသမားနှင့် လိုက်ပါသူ ၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေ ကြောင်းအရ အရေးယူရန် ဆက်လက်စစ်ဆေးနေပြီဖြစ်ကြောင်း မဲဆောက် သတင်းရင်းမြစ်တစ်ခုက ဖော်ပြသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း ထရပ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၆၉ ဦးကို တာ့ခ်ခရိုင်တွင် ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့သေးသည်။
Ref: AEC อาเซียน News
ကိုကလင်း
#MeKongNews









