တရုတ်-ထိုင်း ပူးပေါင်းမယ့် ကျားဖြန်တိုက်ဖျက်မှု တံတားချိုး စစ်ဆင်ရေး
(ဘာသာပြန်ဆောင်းပါး)
တရုတ်အစိုးရက လောက်ကိုင်ကျားဖြန်လုပ်ငန်းတွေကို နှိမ်နင်းကတည်းက စင်ရော်စစ်ဆင်ရေးဆိုပြီး စတင်ခဲ့တယ်။ အဲဒီတုန်းကတော့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့ တစ်ပြိုင်တည်း ငှက်နှစ်ကောင် ပစ်သလို ဖြိုခွင်း နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။
အခုကတော့ လန်ချန်း-မဲခေါင်တစ်ကျော အမြစ်တော်တော်တွယ်နေတဲ့ ကျားဖြန် လုပ်ငန်းတွေကို ဖြိုခွင့်ဖို့ နောက်ထပ် နာမည်ခွဲတစ်ခု ထပ်ပေါ်ပေါက်လာပါပြီ။
ဒါကတော့ ၂၀၂၅ ဇန်နဝါရီ ၂၇နဲ့ ၂၈ ရက်နေ့က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် သက်ချိုင်၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ၊ လူမှောင်ခိုတိုက်ဖျက်ရေးစင်တာ၊ ဆိုက်ဘာရဲတပ်ဖွဲ့အကြီးအကဲတွေရယ် တရုတ်ဘက်က ဦးဆောင်တဲ့အဖွဲ့ရယ် တရုတ် ပြည်သူ့လုံခြုံရေးနှင့် မှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို၏ ကော်မရှင်နာ ဒုတိယဝန်ကြီး Mr. Liu Zhongyi တို့အဖွဲ့တွေ မြ၀တီကို အဓိက ပစ်မှတ်စတင်ထားရှိတဲ့ ကျားဖြန် နှိမ်နင်းရေး အစည်းအဝေးက ထွက်ပေါ်လာတဲ့ စစ်ဆင်ရေးအသစ် မူဝါဒတချို့ဖြစ်ပါတယ်။ တံတားချိုး စစ်ဆင်ရေး (Bridge Bombing Operation) လို့ မှည့်ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို တရုတ်ဘက်က စတင်ထူထောင်တာဖြစ်ပေမယ့် တကယ်တမ်း ဗဟိုချက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံ က စစ်မှန်တဲ့ စိတ်ရင်းနဲ့ ကျားဖြန့်တိုက်ဖျက်ရေး မဟာဗျူဟာတွေကို ထိုင်းအာဏာပိုင်တွေက အဓိက တာဝန်ယူ ပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီဘက်က ကျားဖြန်လုပ်ငန်းတွေကို အဦးဆုံးအရင်တိုက်ဖျက်ပြီးတာနဲ့ ကမ္ဘောဒီးယားနဲ့ ရွှေတြိဂံဒေသက လာအို ကျားဖြန် ဂိုဏ်းတွေကို ဆက်လက် ဖြိုခွင်းသွားဖို့ ပူးပေါင်းဆောင်ရွက် တာမျိုးပဲဖြစ်ပါတယ်။
ထူးခြားတာက ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီဘက်က ပူးပေါင်းတိုက်ဖျက်ဖို့ သဘောတူညီခဲ့တယ်ဆိုပေမယ့် ဘယ်သူမှ တက်ရောက်လာတာ မတွေ့ရခြင်းပဲဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF ကတော့ သူတို့နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ပြီး ကျားဖြန်နဲ့ လူမှောင်ခိုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုတွေကို တိုက်ဖျက်သွားမယ်လို့တော့ ဒီရက်ပိုင်းထဲ ထုတ်ပြန်ခဲ့ တာရှိပါတယ်။
အဓိက ရာဇဝတ်ကွန်ရက်များ
ဇန်နဝါရီ ၂၇ ရက် အစည်းအဝေးပွဲမှာ တရုတ်ဆိုက်ဘာရာဇဝတ်မှုစုံစမ်းဖော်ထုတ်ရေးဗျူရိုက ချပြတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ အရှေ့တောင်အာရှဗဟိုပြု ကျားဖြန်ကွန်ရက်ကြီးမှာ အဓိကရာဇဝတ် ဂိုဏ်းကြီးပေါင်း ၃၆ ဂိုဏ်းရှိပြီး သူတို့အားလုံးပေါင်း အင်အားဟာ ၁၀၀၀၀၀ အထိ ရှိတယ် လို့ ဆိုတယ်။
ဒီဂိုဏ်းတွေဟာ တရုတ်လူမျိုးတွေကို အဓိက ပစ်မှတ်ထားပြီး လူမှောင်ခိုလုပ်မှု၊ ကျားဖြန်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေမှုတွေကို လုပ်ဆောင်ရာက များစွာသော နှိပ်စက်ညှင်းပန်းခံရမှု၊ သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း တရုတ်ဘက်က သတင်းအချက်အလက်တွေကို မျှဝေတယ်။
တရုတ် နာမည်ကြီးမင်းသား လူမှောင်ခိုကူးခံရခြင်းမှသည်
ဒီစုံစမ်းစစ်ဆေးမှုနဲ့ စစ်ဆင်ရေးစတင်ဖို့ အဓိက တွန်းအားဖြစ်စေခဲ့တာက တရုတ် နာမည်ကြီး သရုပ်ဆောင် ဝမ်ဇင်း လူမှောင်ခိုကူးခံရပြီး မြ၀တီ BGF က ပြန်ကယ်ထုတ်ပေးနိုင်ရာမှာတောင် ခေါင်းတုံးတုံးခံရပြီးသား ဖြစ်အင်ကနေ စတင်ပါတယ်။
ဒီအမှုတစ်ခုတည်းမှာ သံသယဖြစ်ဖွယ်ရာ တရားခံ အယောက် ၃၀ ကို တရုတ်က အလိုရှိကြောင်း ထုတ်ပြန်ပြီး အယောက် ၂၀ ကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုတယ်။
ဒီဖြစ်ရပ်တွေဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းကိုပါ ဆိုးဆိုးရွားရွားထိခိုက်စေတာကြောင့် ထိုင်းဘက်က စစ်မှန်တဲ့ သဘောထားနဲ့ ကျားဖြန် တိုက်ဖျက်ရေးမှာ ဦးဆောင်ပါဝင်သင့်ကြောင်း တရုတ်ဘက်က ဖိအားပေးတဲ့သဘောနဲ့ သိရှိစေအပ်တယ်လို့လည်း ဆိုတယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု
ဒီစစ်ဆင်ရေးအတွက် ထိုင်းကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) တာဝန်ရှိသူတွေ ဖိတ်ခေါ်ပြီး အရှေ့တောင်အာရှက ဆိုက်ဘာလိမ်လည်မှုနှင့် အတင်းအဓမ္မ ရာဇ၀တ်မှုများအတွက် လူကုန်ကူးခြင်း တိုက်ဖျက်ရေးလုပ်ငန်းတာဝန် ယူပေးဖို့ စီစဉ်ခဲ့ပါတယ်။
ဒေသတွင်း ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ အရေးပါတဲ့ သတင်းအချက်အလက်တွေ စုဆောင်းနိုင်မှု၊ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် ကိုယ်စားပြုအဖွဲ့အဖြစ် ပါဝင်စေခဲ့တာပါ။
မဟာဗျူဟာ စစ်ဆင်ရေး
Bridge Bombing Operation ဆိုတဲ့ တံတားချိုးစစ်ဆင်ရေးမဟာဗျူဟာကို ထိုင်းအာဏာပိုင်တွေက ဦးဆောင်ပေးရမှာပါ။ မြ၀တီကျားဖြန်နေရာ ၅ နေရာကို လျှပ်စစ်မီးရောင်းထားတာ အရေးယူဖို့ကိစ္စက မြန်မာ စစ်ကောင်စီ ပြည်ထဲရေးနဲ့သာဆိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ရက်ပိုင်းအတွင်း ချေပပြောဆိုထားပေမယ့် တံတားချိုး စစ်ဆင်ရေးရဲ့ အဓိက တာဝန်ကတော့ နာမည်ပါအတိုင်း ပြတ်တောက် ပိတ်ဆို့မှု လမ်းစဉ်ကို ရွေးရတာပဲဖြစ်ပါတယ်။
အငြင်းပွားဖွယ် ကျားဖြန်ရာဇဝတ်ကွန်ရက်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆက်သွယ်ရေးလိုင်းတွေ၊ SIM ကတ်တွေ၊ ရေ၊ လျှပ်စစ်၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက် ပိတ်ဆို့ရေးကို ထိုင်းအာဏာပိုင်တွေက တာဝန်ယူရတော့မှာဖြစ်ပါတယ်။
နောက်ဆုံးရ ကျားဖြန်ရာဇဝတ်မှုသတင်း
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ထူထောာင်ခဲ့သူ တရုတ်-ကမ္ဘောဒီးယားသား ကာစီနိုသူဌေး ရှီဇီကျန်း ( She Zhijiang) ဟာ လက်ရှိ ထိုင်းနိုင်ငံ ထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူပါ။
ထောင်ထဲမှာ သူဟာ တရုတ်က လွှတ်တဲ့ စပိုင်ပါလို့ ပြောခဲ့ပြီးနောက် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ နှိပ်စက်ခြင်းတွေ ခံနေရကြောင်း ရှေ့နေ ဖြစ်သူက မီဒီယာမှာ ဒီရက်ပိုင်းထဲ ဖွင့်ဟလာခဲ့တယ်။ ဒါကို ထိုင်းတရားရေးဝန်ကြီး သာဝီဆော့ဒ်ဆွန်က မဟုတ်မှန်ကြောင်း ချက်ချင်း ငြင်းဆိုလိုက်ပြီး ထောင်သားအားလုံးနည်းတူ ဆက်ဆံသလို ပုံမှန် ဆေးစစ်မှု၊ တရားဝင် ရှေ့နေနဲ့ ခုခံချေပခွင့်ပေးထားမှု၊ CCTV မှတ်တမ်းအားလုံး ရှိထားမှုတွေနဲ့ ထောက်ပြပြီး ငြင်းခဲ့တာဖြစ်ပါတယ်။
နယ်စပ်လုံခြုံရေးတိုးမြှင်ချထားမှု
လက်ရှိ နယ်စပ်ဒေသ ထိုင်းဘက်ခြမ်းမှာ ကျားဖြန်လုပ်ငန်းတွေ လုံး၀မရှိစေတာကို သေချာစေဖို့ အထူးဂရုစိုက် စိစစ်နေကြောင်း တော်ဝင်ထိုင်းရဲချုပ် သက်ချိုင်က မူဝါဒချမှတ်ပြီး နယ်စပ်ဒေသတစ်လျှောက် စစ်တပ်အင်အား တိုးမြှင်ချထားခြင်းနဲ့ ကင်းလှည့်ခြင်းလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် ဖော်ဆောင်နေပါတယ်။
ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာနကလည်း သံသယရှိသူတွေကို ချက်ချင်း ဗီဇာရုပ်သိမ်းပြီး ပြည်တော်ပြန်ပို့ခွင့်ပြုထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖမ်း၀ရမ်းမလိုဘဲ သံသယရှိသူတွေကို နေရပ်ပြန်ပို့နိုင်ကြောင်း သိရတယ်။
အနာဂတ်ပူးပေါင်းဆောင်ရွက်မှု
တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ အတူပူးပေါင်းဖော်ဆောင်မယ့် အဖွဲ့အစည်းတွေကိုလည်း ထူထောင်ပြီး ဒီအဖွဲ့တွေရဲ့ ပစ်မှတ်က တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေရယ်၊ သူတို့လက်အောက်မှာ မန်နေဂျာအဖြစ် အလုပ်လုပ်ပေးနေကြတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အစုအဖွဲ့ကို စုံစမ်းဖော်ထုတ်မှာပါ။
ဒီစီမံကိန်းကနေ နိုင်ငံတကာအထိ ပူးပေါင်းဆောင်ရွက်ရေးစင်တာတွေဖွင့်၊ ဒီအဖွဲ့အစည်းတွေမှာ ထိုင်းအေဂျင်စီတွေနဲ့ ဒေသတွင်းနိုင်ငံတကာ အေဂျင်စီတွေပါ ပူးပေါင်းပြီး ထိုင်းဟာ ကျားဖြန် နှိမ်နင်းရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်တိုက်ဖျက်ကြောင်း သက်သေပြဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒါကတော့ ထိုင်းမီဒီယာ khaosodenglish က ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်တဲ့ THAILAND-CHINA INTENSIFY COOPERATION TO COMBAT SCAM NETWORKS ကို ဆီလျှော်အောင် ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။
MKF-001
#MeKongNews









