တစ်ဦးတည်းသော သားပျောက်ဆုံးမှု ဘန်ကောက်က တရုတ်သံရုံးရှေ့ မိဘနှစ်ပါး အကူအညီတောင်းခံ
မဲခေါင်၊ ဇန်နဝါရီ ၁၅
ကျားဖြန့်ဒုစရိုက်လုပ်ငန်းတွေမှာ ပြန်ပေးဆွဲခံရတယ်လို့ သံသယရှိတာကြောင့် သားဖြစ်သူအတွက် ကူညီကယ်ဆယ်ပေးဖို့ တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်မှ ဇနီးမောင်နှံဟာ ဘန်ကောက်က တရုတ်သံရုံးရှေ့မှာ သံရုံးတာဝန်ရှိသူတွေနဲ့ လမ်းသွားလမ်းလာတွေကို ဇန်နဝါရီ ၁၃ ရက်မှာ ငိုယိုအကူအညီ တောင်းခံခဲ့ကြပါတယ်။
အသက် ၃၂ နှစ်အရွယ် သားဖြစ်သူဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ထိုင်းကိုရောက်ရှိလာပြီး အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ကြားကာလမှာ သားဖြစ်သူရဲ့ လူမှုကွန်ရက်အကောင့်မှ ဆက်သွယ်တော့ မန်ဒရင်းဘာသာစကား မကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံတုံ့ပြန်မှုသာ ရရှိခဲ့ပြီး ဘာအဆက်အသွယ်မှ မရတော့ဘူးလို့ အသက် ၆၄ နှစ်နဲ့ အသက် ၆၀ အရွယ် မိဘနှစ်ပါးက ပြောပါတယ်။
တစ်ဦးတည်းသောသား ဖြစ်တာကြောင့် သားမရှိရင် ဆက်အသက်ရှင်သန်ဖို့ မဖြစ်နိုင်တာကြောင့် ကူညီကယ်ဆယ်ပေးဖို့ သံရုံးရှေ့မှာ ငိုယိုအကူအညီ တောင်းခံခဲ့တာပါ။ သံရုံးဝန်ထမ်းတွေကတော့ သတင်းအချက်အလက် ဘာမှမရသေးကြောင်း၊ သတင်းအချက်အလက် ရရှိခဲ့လျှင် အကြောင်းပြန်မယ့်အကြောင်းသာ ပြောခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကလည်း ဇန်နဝါရီ ၁ ရက်နေ့က ပျောက်ဆုံးနေသူ သားဖြစ်သူ ဆန်ဘွာချိုဟာ သု၀ဏ္ဏဘူမိလေဆိပ်ကနေ တက္ကဆီနဲ့ ထွက်သွားတာသာတွေ့ရပြီး တခြားဘာအထောက်အထား သက်သေမှ မရသေးကြောင်းသာ အဖြေပေးခဲ့ပါတယ်။
အဲ့ဒီနေ့ တစ်ရက်တည်းမှာပဲ တရုတ်သံရုံးကို အသက် ၄၀ အရွယ် တရုတ်နိုင်ငံသားတစ်ဦးလည်း ရောက်လာပြီး ၂၈ နှစ်အရွယ် ဝမ်းကွဲညီအစ်ကိုတော်စပ်သူ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ကို ရောက်ရှိပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားလို့ လာရောက် အကူအညီတောင်းခံခဲ့ပါသေးတယ်။
ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို လာရောက်ရင်း ပျောက်ဆုံးသွားပြီး မြန်မာနယ်စပ်တစ်လျှောက် ကျားဖြန့်လုပ်ငန်းတွေမှာ ပြန်ပေးဆွဲခိုင်းစေခံရတဲ့ တရုတ်နိုင်ငံသား နာမည်ရသရုပ်ဆောင် နဲ့ ၂၁ နှစ်အရွယ် တရုတ် အမျိုးသမီးငယ်တို့ကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲချုပ်ကိုယ်တိုင် ကယ်ထုတ်ခဲ့ပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေမှာ သောင်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေအပါ သိန်းနဲ့ချီတဲ့ ကမ္ဘာအရပ်ရပ်က လူပေါင်းများစွာ လိမ်လည် ခေါ်ယူခံရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဟောင်ကောင် ပြည်ထဲရေးဝန်ကြီးက တိုင်ကြားခံထားရတဲ့ သူတို့နိုင်ငံသား ၂၈ ယောက် မြ၀တီကျားဖြန့်လုပ်ငန်းတွေက လိမ်လည်ခေါ်ခဲ့ရာမှ ၁၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး ၁၂ ယောက်ကျန်နေသေးကြောင်း ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံကို သွားပြီး လစာမြင့်မားတဲ့ လိမ်ညာအလုပ်ခေါ်ယူမှုတွေကို နားမယောင်ဖို့ ဟောင်ကောင်ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
Ref: hindustantimes
MKF-001
#MeKongNews








