အကြီးမားဆုံး ကျားဖြန့်ဂိုဏ်း ချင်းမိုင်မှာ ဖမ်းမိ၊ မြန်မာ ရှစ်ဦးလည်း ပါဝင်
မဲခေါင်၊ နိုဝင်ဘာ ၂၈
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ကျားဖြန့် အသုံးအဆောင်ပစ္စည်များစွာကို ဖမ်းဆီးရမိခဲ့ရာမှာ မြန်မာနိုင်ငံသား ရှစ်ယောက်လည်း သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗဟို ကော်မရှင်နာက နိုဝင်ဘာ ၂၇ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ထုတ်ပြန်သွားပါတယ်။
ချင်းမိုင်က ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းခရိုင်တွေမှာ နိုဝင်ဘာ ၂၆ ရက်နေ့က နေရာ ၁၁ နေရာကို ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းရှာဖွေရာမှာ ဖုန်းဆင်းမ်ကတ် ၅၉၀၀၀၀ ပါ ဆင်းမ်ကတ် ဗူး ၆၄၂ ဗူး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁၄၅၅ လုံး၊ ဆင်းမ်ကတ် Reader ၄၇ ခု သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံ ကျားဖြန့် ဒုစရိုက်လောက ဖမ်းဆီးရမိမှုထဲမှာ အကြီးမားဆုံးနဲ့ အများဆုံး ဖမ်းဆီးရမိမှုလို့ ကော်မရှင်နာက ထုတ်ပြန်သွားပါတယ်။
ဒီ ဒုစရိုက်ကွန်ရက်ဟာ ထိုင်း-တရုတ် ဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့ ကွန်ရက်ဖြစ်ပြီး ထိုင်းနိုင်ငံသား ၂ ယောက်၊ တရုတ်နိုင်ငံသား ၅ ယောက်နဲ့ မြန်မာနိုင်ငံသား ရှစ်ယောက်စုစုပေါင်း ၁၅ ယောက်ကို သံသယ တရားခံတွေအဖြစ် ဖမ်းဆီးခဲ့ကြောင်းလည်း သိရှိရပါတယ်။
ဖမ်းဆီးရမိသူတွေထဲက အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး ဂျီရာပန်ပရာကော့ကစ်ရဲ့ ခင်ပွန်းဟာ တရုတ်လူမျိုးဖြစ်ပြီး လက်ရှိမှာ လွတ်မြောက်နေသလို ဒီဒုစရိုက်ကွန်ရက်ရဲ့ ခေါင်းဆောင်ဖြစ်မယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။
ဂျီရာပန်ဟာ လိမ်လည်မှုလုပ်ငန်းတွေ ဖော်ဆောင်ဖို့ ငှားထားတဲ့ အိမ်တွေနဲ့ ခိုင်းစေထားတဲ့ ဝန်ထမ်းတွေအတွက် အခကြေးငွေတွေကို ပေးနေသူဖြစ်ပြီး များပြားလှစွာသော ဆင်းမ်ကတ်တွေဟာ လူမှုကွန်ရက် အကောင့်တုတွေ လုပ်ဖို့ ထားရှိတာလို့ သိရပါတယ်။
လူမှုကွန်ရက် အကောင့်တုတွေထည့်သွင်းအသုံးပြုတဲ့ မိုဘိုင်းဖုန်းတွေ လုံခြုံရေးကို ကာကွယ်ပေးတဲ့ စက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပြီး ဂျီရာပန်က ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားက ဝယ်ပေးခဲ့တာလို့ ထွက်ဆိုသွားပါတယ်။
Ref:Bangkokpost
MKF-001
#MeKongNews









