မြန်မာကလာတဲ့ စိတ်ကြွဆေး ၅ တန်ခွဲ အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းမိ
မဲခေါင်၊ နိုဝင်ဘာ ၂၆
အိန္ဒိယကမ်းခြေစောင့်တပ် (ICG) က စစ်ပွဲတွေကြောင့် အဖက်ဖက်က ပျက်ယွင်းနေတဲ့ မြန်မာနိုင်ငံကနေ မှောင်ခိုကူးလာတဲ့ စိတ်ကြွဆေး ၅ . ၅ တန်ကို ဖမ်းဆီးရမိကြောင်းနဲ့ ဒါဟာ ICG သမိုင်းမှာ အများဆုံး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။
ICG ရဲ့ ကင်းထောက်လေယာဉ်ဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားက အန်ဒမန်ပင်လယ်ပြင်မှာ မသင်္ကာဖွယ်ရာ ငါးဖမ်းစက်လှေတစ်စီးကို မြင်ခဲ့တာကြောင့် နိုဝင်ဘာ ၂၄ ရက် နေထွက်ချိန်မှာ သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး စက်လှေဟာ အိန္ဒိယရေပိုင်နက်ထဲဝင်လာပြီး မြန်မာနိုင်ငံသား ၆ ယောက်ပါလာလို့ ရေတပ်အခြေစိုက်စခန်းကို ခေါ်ဆောင် စစ်ဆေးနေတယ်လို့ ထုတ်ပြန်သွားပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ နောက်ပိုင်း ဓာတုစိတ်ကြွမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တောတွင်းဓာတ်ခွဲခန်းတွေကနေ အများအပြား ထုတ်လုပ်နေပြီး တရုတ်နဲ့ ထိုင်းနိုင်ငံကို ဖြတ်လို့ မှောင်ခိုကူးနေရာက ပင်လယ်ရေကြောင်း အသုံးပြုခြင်းဟာ ကုန်းလမ်းကိုအသုံးပြုခြင်းထက် ပိုလွတ်မြောက်နိုင်လို့ စက်လှေတွေနဲ့ မူးယစ်မှောင်ခိုမှုတွေ လုပ်ဆောင်မှုများလာတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂရဲ့ မူးယစ်ဆေးနဲ့ ရာဇဝတ်နှိမ်နင်းရေးရုံးအဖွဲ့ UNODC ထုတ်ပြန်တဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဒေသအတွင်း သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပမာဏဟာ စံချိန်တင် တန် ၁၉၀ အထိ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံတောတွင်း ထုတ်လုပ်တဲ့နေရာမှာ ပေါက်စျေးက တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၄၀၀ စျေးသာရှိပြီး အိန္ဒိယလို နိုင်ငံက လမ်းပေါ် စျေးကွက်တွေပေါ် ရောက်ရင် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးမြင့်တက်သွားတာကြောင့် အိန္ဒိယကို တင်သွင်းလာတာ ဖြစ်တယ်လို့လည်း UNODC မူးယစ်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သွားပါတယ်။
Ref: malaymail
MKF-001
#MeKongNews








