မြ၀တီ ကျားဖြန့်လုပ်ငန်းကနေ နိုင်ငံခြားသား ၃၉ ယောက် မဲဆောက်ဘက်ကို ထွက်ပြေး လွတ်မြောက်လာ
မဲခေါင်၊ နိုဝင်ဘာ ၂၅
မြ၀တီ ကျားဖြန့်လုပ်ငန်းကနေ နိုင်ငံခြားသား ၃၉ ယောက် နိုဝင်ဘာ ၂၄ ရက်ညက ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ယောက်၊ နီပေါနိုင်ငံသား ၅ ယောက်၊ မလေးရှားနဲ့ ရုရှားနိုင်ငံသား တစ်ယောက်စီ ပါဝင်ပြီး အွန်လိုင်းပေါ်ကနေ လစာကောင်းတဲ့အလုပ်အဖြစ် ညာခေါ်ခံခဲ့ရပြီးမှ ကျားဖြန့်လုပ်ငန်းမှာ အနိုင်ကျင့် နှိပ်စက် ခိုင်းစေခြင်းခံရတာ ဖြစ်တယ်လို့ လွတ်မြောက်လာသူတွေက ဆိုပါတယ်။
ဘန်ကောက်က သီရိလင်္ကာသံရုံးဟာ ထိုင်းအာဏာပိုင်တွေကို သူ့တို့နိုင်ငံသားတွေအပေါ် အကူအညီပေးဖို့ တောင်းဆိုခဲ့ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက လူမှောင်ခိုကူးခံရတဲ့ လွတ်မြောက်လာသူတွေရဲ့ သက်သေစာရွက်စာတမ်းတွေ စိစစ်ပြီး ကူညီပေးနေကြောင်း ထိုင်းနယ်ခြားစောင့်တပ် ဗိုလ်မှူး ပတ်ချာရတ်က ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို မနှစ်က ရှင်းလင်းဖယ်ရှားခဲ့အပြီး တရုတ်ဘက်ကို ကျားဖြန့်ဒုစရိုက်လုပ်ငန်း လုပ်ကိုင်သူ ၄၀၀၀၀ ကျော် ပြန်လည်လွှဲပေးခဲ့ပြီးနောက် ဒီလုပ်ငန်း တွေဟာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် သောင်းရင်းမြစ်တစ်ကျော မှိုလိုပေါက်လာတဲ့အထိ ရွှေ့ပြောင်း အချေချလာတာကို မြန်မာစစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ DKBA အဖွဲ့တွေက လုံခြုံရေးယူပေးထားပြီး ဘီလီယံချီတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြတာဖြစ်တယ်လို့ AFP က ရေးသားဖော်ပြသွားပါတယ်။
Ref:AFP
MKF-001
#MeKongNews









