မဲခေါင်၊ အောက်တိုဘာ ၁၁
အောက်တိုဘာ ၉ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ စတင်ပြုလုပ်တဲ့ ASEAN Summit 2024 မှာ အဓိက ဆွေးနွေးရမယ့် ကိစ္စထဲ ပါဝင်တဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် ပိုမိုနီးကပ်သက်ရောက်မှုရှိတဲ့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်သစ်ချမှတ်ဖို့ ဒီဇင်ဘာလထဲ အာဆီယံကိုယ်စား လှယ်တွေနဲ့ ဘန်ကောက်မှာ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က ထုတ်ပြန်ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လက်ခံကြောင်းပြောခဲ့ပေမယ့် ခုထိ တစ်ခုမှ လက်တွေ့မလိုက်နာဘဲ ပြည်သူအပေါ် အကြမ်းဖက်မှုတွေ တိုးလုပ် လာသလို တော်လှန်အင်အားစုတွေဘက်က နယ်စပ်တစ်လျှောက် မြို့များစွာကို ထိန်းချုပ်လာနိုင်ခြင်းနဲ့ စစ်ကောင်စီဟာ သမိုင်းမှာ နာတာရှည် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေရပြီဖြစ်ပါတယ်။
ဒါကြောင့် အခုကျင်းပတဲ့ ညီလာခံမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ကိုယ်စားပြုသူတွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့၊ တရုတ်ဝန်ကြီးချုပ် လီကျင်းတို့ပါ တက်ရောက်နေပြီး APEC Summit အဖြစ်ပါ ထိပ်တိုက်ရင်ဆိုင်ဆွေးနွေးကြ တော့မှာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒီအာဆီယံအစည်းအဝေးမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် အောင်ကျော်မိုးကိုလည်း တက်ရောက်ခွင့်ပေးခဲ့ပြီး မြန်မာ့အရေးအတွက် အာဆီယံရဲ့ လုပ်ဆောင်နေမှုတွေဟာ ထိရောက်မှုမရှိလို့ ၂၀၂၅ မှာ အာဆီယံအလှည်ကျဥက္ကဌ ဖြစ်လာမယ့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ၂၀၃၀ မှာ ကမ္ဘာ့ စတုတ္ထ အကြီးမားဆုံး စီးပွားရေးစျေးကွက် ဖြစ်လာမယ့် လူဦးရေသန်း ၆၀၀ နေ အာဆီယံဟာ ကမ္ဘာကြီးကို ပြတ်သားတဲ့ မူဝါဒ ရပ်တည်ချက်တွေ ထုတ်ပြ နိုင်ဖို့ အားလုံး ကြိုးစားရမယ်လို့ သတိပေး ပြောဆိုသွားပါတယ်။
စစ်ပွဲတွေနဲ့ မြန်မာနိုင်ငံအခြေအနေကို ထိရောက်စွာကိုင်တွယ်ရမယ်လို့ အန်ဝါက ပြောဆိုအပြီး ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က ထိုင်းဟာ မြန်မာနိုင်ငံနဲ့အနီးစပ်ဆုံး၊ ထိတွေ့ခံစားမှုအရှိဆုံးဖြစ်လို့ ငြိမ်းချမ်းရေးလမ်းစဉ်သစ်တစ်ခု ဖော်ဆောင်ရေး လာမယ့် ဒီဇင်ဘာလထဲ ဘန်ကောက်မှာ အာဆီယံကိုယ်စားလှယ်တွေပါဝင်မယ့် အလွတ်သဘော ဆွေးနွေးပွဲ စတင်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။
ပေထောင်တန်က “ မြန်မာ့အရေးမှာ စစ်ပွဲနဲ့ ဖြေရှင်းလို့ အဖြေမထွက်နိုင်ပါဘူး။ ဒါကြောင့် အာဆီယံဟာ စုစည်းညီညွတ်တဲ့ သတင်းစကားနဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်တည်လာဖို့ လုပ်ဆောင်သင့်ပါပြီ။ အခုအချိန်က စတင်ပြောဆိုရတော့မယ့်အချိန်ရောက်ပါပြီ” လို့ ပြောကြားသွားပါတယ်။
Ref: asianews








