မဲခေါင်၊ စက်တင်ဘာ ၂၅
စက်တင်ဘာလဆန်းပိုင်းက ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှရဲ့ နိုင်ငံတချို့မှာ ရေကြီးရေလျံမှု တွေ ဖြစ်ပွားခဲ့ရာမှာ ထိုင်းနဲ့ ဗီယက်နမ်နှစ်နိုင်ငံတည်းမှာ စာသင်ကျောင်းပေါင်း ၉၄၅ ကျောင်းပျက်စီးခဲ့ပြီး ကျောင်းသားကလေးငယ်ထောင်ပေါင်းများစွာ ဒီကနေ့အထိ ကျောင်းပြန်မတက်နိုင်သေးကြောင်း Save The Children က ထုတ်ပြန်သွားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်ပေါင်းများစွာသာမက စာသင်ကျောင်း ၁၄၀ ပျက်စီးခဲ့ရပြီး ဗီယက်နမ်မှာ စာသင်ကျောင်းပေါင်း ၈၀၅ ကျောင်းအထိ ပျက်စီးခဲ့ရပါတယ်။
အာရှတိုက်ဟာ ရေနဲ့ပတ်သက် တဲ့ ရာသီဥတုကပ်ဘေးအဆိုးဆုံး ဒေသဖြစ်ခဲ့ရပြီး ကမ္ဘာ့ စာသင်အရွယ်လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ ကလေးငယ် ၇၇၄ သန်းရှိတဲ့ တိုက်ကြီးဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှုအပြင် သဘာ၀ကပ်ဆိုးဒဏ်ကြောင့် ဒီကလေးငယ်တွေ အပေါ် ဆိုးကျိုးသက်ရောက်မှုအများဆုံး ရပ်ဝန်းလည်းဖြစ်ကြောင်း၊ ယာဂီမုန်တိုင်းကြောင့် ထိုင်းတစ်နိုင်ငံတည်း မှာ ကလေးငယ်ပေါင်း ၃၀၅၀၀ ကျော်ရဲ့ ပညာသင်ကြားမှု အခက်အခဲဖြစ်ပေါ်စေကြောင်း SAVE The Children က ထုတ်ပြန်သွားပါတယ်။
ရေကြီးရေလျံမှုကြောင့် ရေမှာပေါက်ဖွားတဲ့ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ရောဂါပိုးမွှားတွေ ကူးစက်မှုဟာလည်း ဒီဒေသတွေမှာ ပိုမိုမြင့်တက်လာနေပြီး ထိုင်းနိုင်ငံ ချင်းမိုင်က စာသင်ကျောင်းတွေရဲ့ စာသင်ခန်းတွေဟာ ရွှံ့တွေ ဝင်ရောက်လို့ ကျောင်းသုံးပစ္စည်းတွေ၊ သင်ကြားရေးထောက်ကူပစ္စည်တွေများစွာလည်း လိုအပ်ချက်ရှိနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ Save the Children အမှုဆောင်ဒါရိုက်တာဂိုင်လမ်မီရာချူးက ထုတ်ဖော်ပြောဆိုသွားပါတယ်။
Ref: savethechildren
MKF-001








