မဲခေါင်၊ စက်တင်ဘာ ၃
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမှာ လူသွားလူသားအများဆုံးအချိန် အများပြည်သူစီး ဘတ်စ်ကားကို အရက်မူးသမားက ကားစတီယာတိုင်ကို အတင်းအကျပ် ဆွဲလှည့်ရာက ယာဉ်တိုက်မှုဖြစ်ပြီး အနည်းဆုံး ၁ ဦး သေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကားတွေ ဆိုင်ကယ်တွေ အရမ်းများတဲ့ မွမ်ဘိုင်းမြို့ လယ်ဘော့ချ်အရပ်မှာ ဟိန္ဒူ ဂနက်ရှ်ချက်တာသီ ပွဲတော်လည်း ကျင်းပနေတာကြောင့် လမ်းသွားလမ်းလာပိုပြီးများပြားနေချိန် အသက် ၄၅ နှစ်အရွယ် အရက်မူးလာသူဟာ ယာဉ်မောင်းနဲ့ စကားများရာက ကားလက်ကိုင် စတီယာတိုင်ကို အတင်း ဆွဲရမ်းလှည့်ခဲ့တာပါ။
အဲ့လို လုပ်လိုက်တာကြောင့် ကား ၂ စီး၊ ဆိုင်ကယ် ၂ စီးနဲ့ လမ်းသွားလမ်းလာ ၂ ဦးကို တိုက်မိခဲ့ပြီး ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ ရင်ဘတ်နဲ့ဗိုက်မှာ ဒဏ်ရာပြင်းထန်စွာရခဲ့လို့ အခင်းဖြစ်ပြီး နောက်ရက် စက်တင်ဘာ ၂ ရက်နေ့မှာပဲ ဆုံးပါးသွားသလို နောက်အမျိုးသမီးတစ်ဦး ကလည်း စိုးရိမ်ရတဲ့အခြေအနေနဲ့ အရေးပေါ် ကုသနေရကြောင်းနဲ့ စုစုပေါင်း ၈ ဦးဒဏ်ရာရခဲ့တယ်လို့ မွမ်ဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့က လက်ရှိမှာ ယာဉ်မောင်းနဲ့ စပယ်ယာအပြင် အရက်မူးသမားကိုပါ စခန်းကိုခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ရင်း အမှုဖွင့်ထားကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ယာဉ်မတော်တဆမှုတွေ ထူပြောရာ အရပ် ဖြစ်ပြီး မဆင်မခြင်မောင်းနှင်မှု၊ လမ်းတွေ ပြင်ဆင်ထိန်းသိမ်းမှုအားနည်းမှု၊ ယာဉ်အိုဟောင်းတွေများပြားနေမှုကြောင့် ကမ္ဘာမှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်နေပြီး နှစ်စဉ် ယာဉ် မတော်တဆမှုကနေ သေဆုံးသူပေါင်း ၁၁၀၀၀၀ ကျော်ရှိနေပါတယ်။
Ref: independent
MKF-001








