မဲခေါင်၊ မတ် ၆
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေနဲ့ ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြည်သူတွေရဲ့ နေအိမ် ၈ လုံးကို ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
အင်္ဂပူမြို့နယ်မှာ PDF တွေနဲ့ ပတ်သက်တယ်လို့ ဆိုကာ ၅၀ (ည)၊ ၅၁(ဂ) ပုဒ်မတွေနဲ့ အမှုဖွင့် ဖမ်းဆီးလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ မအိသက်ပိုင်၊ ကိုဝင်းနိုင်၊ ကိုကျော်စွာမိုး၊ ကိုကြည်မိုး၊ ကိုဇော်မင်းဦး၊ ကိုလင်းထက်စံ၊ ကိုသာအေး နဲ့ ကိုဘိုဘိုဇင် တို့ရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
အဆိုပါ လူ ၈ ဦးဟာ စစ်ကောင်စီက စွပ်စွဲထားသလို PDF နဲ့ ပတ်သက်မှု ရှိမရှိ ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီဟာ ဆန့်ကျင်သူတွေကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်နေပြီး ဖမ်းဆီးခံရမှာစိုးလို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတဲ့အပြင် နေအိမ်တွေကိုပါ ချိပ်ပိတ်နေတာ ဖြစ်ပါတယ်။
MK-007