မဲခေါင်၊ ဇွန် ၂
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅ ချက်ကို အဓိက ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မနေ့က ဇွန်လ ၁ရက်နေ့မှာ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းမြတ်ရွှေနဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
အဲ့ဒီ ဆွေးနွေးပွဲမှာ ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေးနဲ့ မိုခါမုန်တိုင်း ဒဏ်သင့် ပြည်သူ တွေကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အမြန်ဆုံး ရောက်ရှိရေးတို့ ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု ရှိမရှိ ကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး MNDAA ၊TNLA ၊ AA ၃ ဖွဲ့က တာဝန်ရှိသူတွေကို မဲခေါင်သတင်းဌာန အနေနဲ့ ဆက်သွယ် မေးမြန်းပေမဲ့ ဆွေးနွေးပွဲ ပြုလုပ်နေဆဲဖြစ်လို့ အတိအကျ ဖြေကြားဖို့ ငြင်းဆိုထားပါတယ်။
ဒီဆွေးနွေးပွဲကို ၃ ရက်ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ဇွန်လ ၂ ရက်မှာ ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ဆွေးနွေးနေပါတယ်။
Mk-007
#MeKongNews
#မိုင်းလားမြို့
#ညီနောင်မဟာမိတ်
#တြိဂံဒေသတိုင်းစစ်ဌာနချုပ်