မဲခေါင်၊ မတ် ၆
ပင်လောင်းမြို့နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပအိုဝ်းပြည်သူ့စစ် PNA/PNO စစ်သားတွေရဲ့ အလောင်းကို PNOက ပြန်မပေးခဲ့တဲ့အပြင် ဆွမ်းကပ်ခွင့်တောင် မပေးဘူးလို့ သေဆုံးသွားတဲ့ PNA/PNO ပြည်သူ့စစ်တွေရဲ့ မိသားစုတွေထံကနေသိရပါတယ်။
ကျဆုံးသွားတဲ့ PNO ပြည်သူ့စစ်တွေရဲ့ အလောင်းကို နီးစပ်ရာနေရာတွေမှာပဲ ဖြစ်သလို မြုပ်နှံပေးခဲ့တာကြောင့် နာရေးအခမ်းအနားပြုလုပ်ပေးခွင့်မရဘူးလို့ ဟိုပုံးမြို့ပေါ်က သေဆုံး PNO တပ်သားတစ်ဦးရဲ့မိသားစုနဲ့ နီးစပ်သူက မဲခေါင်ကို ပြောပါတယ်။
“မိသားစုကတော့ ဘာပဲပြောပြော နာရေးလုပ်ချင်တာပေါ့လေ။ သူတို့(PNO)ဘက်က အလောင်းတောင်ပြန်မပေးဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်နေတဲ့ ပင်လောင်းတိုက်ပွဲမှာ သေဆုံးသွားတဲ့ PNO စစ်သားတွေအလောင်းကို ပြန်မပေးတဲ့အပြင် အကြောင်းကြားခြင်းလည်း မရှိတာကြောင့် မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထုတ်ပြန်တဲ့ မှတ်တမ်းတွေကို မြင်တွေ့မှသာ သေဆုံးကြောင်း သိရတယ်လို့ သေဆုံး PNO တပ်သားတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
PNO ပြည်သူ့စစ်ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကေပေဆိုသူ ကိုယ်တိုင် ပြည်သူ့စစ်ထဲဝင်ဖို့ အတင်းခေါ်ဆောင်သွားခံရတဲ့ တပ်သားတစ်ဦးလည်း ဒီတိုက်ပွဲမှာသေဆုံးသွားပြီး မိသားစုက ဆက်သွယ်မှသာ သေဆုံးကြောင်းသိရတယ်လို့ ဟိုပုံးမြို့ပေါ်ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပြပါတယ်။
“ သူ့အဖွားဆုံးသွားလို့ သူ့အမေကသူ့ကို ဆက်သွယ်နေတာ အဆက်အသွယ်မရဘူးတဲ့။ သူသေတဲ့ပုံတွေတက်မှ သူ့သားသေမှန်းသိရတယ်။ အန်တီကြီးက အမေသေပြီး နောက်နေ့ကျ သားသေတယ်။ သူကတော့ အဘွားနဲ့တူတူဆွမ်းကပ်ပြီး အမျှဝေလို့ရသွားတယ်” လို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်ကစပြီး ပင်လောင်းမြို့နယ်တဝှိုက်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ PNOပြည်သူ့စစ်ရဲ့ အထူးကွန်မန်ဒိုတပ် ဗိုလ်ကြီးမိုးကျော်၊ ဒုဗိုလ် မောင်ဆောင်းနဲ့ ဆေးတပ်သားတို့အပါအဝင် အများအပြားကျဆုံးခဲ့ပြီး အခုအချိန်ထိ မကောက်ယူနိုင်သေးတဲ့ အလောင်းတွေလည်း ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO စစ်သား ၄၅ဦး သေဆုံးတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF က ထုတ်ပြန်ထားပါတယ်။
CJ – 001
#MeKongNews
#PNO
#ပင်လောင်းတိုက်ပွဲ