မဲခေါင်၊ မတ် ၇
KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၂၇ ရက်ညပိုင်းက စတင်ကာ လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်နေလို့ ကျေးရွာ ၆ ရွာက ပြည်သူ ၃,၁၇၄ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ပိန်းဇလုပ်မြို့ အခြေစိုက် ခမရ (၂၆၄) က ဖေဖော်ဝါရီ ၂၈ ညနေပိုင်းက လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်တာကြောင့် လိန်ပင်လွဲကျေးရွာက ပြည်သူပိုင် နေအိမ် ၃ လုံး ပျက်စီးခဲ့ရပြီး မတ်လ ၁ ရက်နဲ့ ၃ ရက်တွေမှာ သစ်ဖရောင်းတန်းကျေးရွာက နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီလို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်နေလို့ လယ်ဒိုမြို့နယ် အတွင်းက ကျီးပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ဝဲမှူး၊ ကျည်စုနဲ့ အလယ်ကျွန်းကျေးရွာတွေက ပြည်သူ ၃,၁၇၄ ဦး ထွက်ပြေးခဲ့ရတယ်လို့ KNU ဗဟိုက ဖော်ပြပါတယ်။
အဆိုပါ ဒေသခံ ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာတွေ၊ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေရကာ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ဆေးဝါးရိက္ခာနဲ့ အမိုးအကာတွေ တတ်နိုင်သလောက် ကူညီပေးနေပေမဲ့ အကူအညီတွေ လိုအပ်နေတုန်းပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-007