ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တွေမှာ မီတာခ ကြွေးကျန်တွေကို အပြီးဆောင်ဖို့နဲ့ မဆောင်ပါက လျှပ်စစ်ရေးရာ ဥပဒေတွေနဲ့ အရေးယူမှာဖြစ်ပြီး ကျေးရွာ တွေမှာ မီတာဆောင်ဖို့ တစ်အိမ်ကျန်ပါက တရွာလုံး မီးမပေးဘဲ ဖြတ်ထားမှာ ဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ် ဝန်ထမ်းတွေက လိုက်လံ ကြေညာနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက်က လိုက်လံ ကြေညာရာမှာ အရင်က မီတာခတွေကို လအလိုက် ခွဲဆောင်နိုင်ပေမယ့် အခု ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ကျန်ရှိတဲ့ မီတာခတွေကို ၂၀၂၃ ခုနှစ် တစ်လပိုင်းမှာ အပြီးပေးဆောင်ရမယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုထံ ပြည်သူ့ဘဏ္ဍာငွေ မရောက်စေဖို့ အတွက် မီတာခ မဆောင်တာကို နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့ကြပေမယ့် စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက မီးဖြတ်တောက်တာကြောင့် မီတာခ ပေးဆောင်သူတွေ ရှိလာခဲ့ပါတယ်။
အချို့သော ဒေသတွေမှာ မီတာခတွေ အဆမတန် ကျသင့်နေတာ၊ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးခဲ့တာ တွေကြောင့် မီတာ မဆောင်နိုင်တဲ့ ပြည်သူတွေလည်း ရှိနေကာ အခုလို အတင်းအကျပ် တစ်လုံးတည်း မီတာခ ပေးဆောင်ခိုင်းတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း မြို့ခံပြည်သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ မီတာခတွေ အတင်းအကျပ် ကောက်ခံရာမှာ ကြွေးကျန်များတဲ့ နေအိမ်တွေကို ပစ်မှတ်ထား မီးဖြတ်တောက်တာတွေ ပြုလုပ်ပြီး တစ်လုံးတစ်ခဲတည်း ငွေရရှိစေတဲ့ နည်းလမ်းကို နိုင်ငံတစ်ဝန်း ကျင့်သုံး နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မီး ၃ ကြိမ်အထိ ဖြတ်တောက်ခံရပါက ခံဝန် လက်မှတ်ထိုးစေတာ၊ မီတာခ ထပ်ပြီး မဆောင်ပါက မီတာကို အပြီးတိုင် ဖြုတ်သိမ်းနေတာတွေ ဆက်တိုက် ပြုလုပ်လျက်ရှိတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဖော်ပြထားပါတယ်။