မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်နဲ့ သံလွင်မြစ်ကြောင်းအတွင်း တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် များပြားလာသလို လူနဲ့တိရိစ္ဆာန်များကို ထိခိုက်မှုတွေ ဖြစ်လာနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
မိုင်းဆတ်မြို့နယ်ထဲက လွယ်စတုံးကျေးရွာအုပ်စုအတွင်းက ယောင်ခ၊ မိုင်းကန်း၊ မယ်ကုတ်၊ မယ်ကြုတ် စတဲ့ကျေးရွာတွေ အနီးမှာ တရား မဝင် ရွှေလုပ်ကွက်အများအပြားလာလုပ်နေလို့ ချောင်းရေထဲကို ဓာတုဆေးဝါးတွေ စွန့်ပစ်တာတွေကြောင့်အပြင် ရွှေချက်ကန်မှာ ဆိုင်ယာနိုက်အသုံး ပြုတာတွေကြောင့် မြေယာအဆိပ်သင့်မှုတွေ၊ ရွှေနဲ့သတ္တုတူးဖော်တဲ့စွန့်ပစ်မြေစာတွေ က တောနဲ့တောင်တွေကို ပျက်စီးပျောက်ကွယ်သွားစေပြီး ယင်းလို ပျက်စီစေတဲ့ လုပ်ကွက်တွေဟာ ၂၀၂၃ ခုနှစ်က စလုပ်တဲ့ လုပ်ကွက်ပေါင်း ၅ ခုအထိ ရှိနေတယ်လို့ သိရပါတယ်။
မိုင်းဆတ်နဲ့မိုင်းတုံနယ်မြေတွေထဲပါဝင်တဲ့ သံလွင်မြစ်ထဲမှာလည်း မြစ်အောက်ခြေကရွှေကို စုတ်စက်တွေနဲ့သန့်စင်တဲ့လုပ်ငန်းတွေကလည်း မြစ်ကြောင်းအတွင်း စုပုံလာတဲ့မြေတွေကြောင့် ရေကြောင်းပြောင်းလဲမှုနဲ့ မြစ်ရေနောက်ကျိမှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
သံလွင်မြစ်ထဲမှာ တရုတ်က အကောင်အထည်ဖော်နေတဲ့ တာဆန်းရေကာတာအနီး နမ့်စင်ချောင်းအဝင်နေရာနဲ့ တာဆန်းတံတားအောက်ဖက် သဘာဝတံတား ဘက်တွေမှာ ရွှေတူးဖောင်တွေ လုပ်ငန်းလုပ်နေတယ်လို့ သိရပါတယ်။
ဒီလုပ်ငန်းကို လာရောက်လုပ်ကိုင်သူတွေဟာ တရုတ်လူမျိုးတွေ အများစုဖြစ်ပြီး စစ်ကောင်စီတပ်ဌာနချုပ်တွေ၊ နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ အပြင် အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။
တရားဝင်လုပ်ငန်းခွင့်ပြုမိန့်ရဖို့က စစ်ကောင်စီရဲ့ သတ္တုတွင်းဌာနက ချပေးရမှာဖြစ်ပေမယ့် ခုက စစ်ဌာနချုပ်၊ နယ်မြေခံစစ်တပ်တွေနဲ့ ပြည်သူ့စစ်တွေ၊ လက်နက်ကိုင်တွေဆီက ခွင့်ပြုချက်ရယူ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရှိရပါတယ်။
MK-012