မဲခေါင် ဇွန် ၁၉
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်တွေဟာ ဈေးနှုန်းအဆမတန် မြင့်တက်နေပေမယ့် အာလူးတွေကတော့ ဈေးကောင်းမရသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။
မေလ နောက်ဆုံးအပတ်ကစပြီး ခရမ်းချဉ်သီး တစ်ပိသာ ၄ ထောင်ကျပ် ဝန်းကျင်နဲ့ ဂေါ်ဖီထုပ်တစ်ထုပ်ကို ၅ ထောင်ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေပေမယ့် အာလူးကတော့ တစ်ပိဿာ ၃၅၀၀ ကျပ်အထိသာ အများဆုံးဈေးရရှိနေတာပါ။
“ခရမ်းချဉ်သီး စိုက်တဲ့သူရော၊ ဂေါ်ဖီတွေ ပန်းပွင့်တွေ စိုက်တဲ့သူတွေရော မမြတ်ကြဘူး။ ဒါပေမယ့် သူတို့က ဈေးရတော့ မရှုံးဘူး။ ကျမတို့က အကုန်ရှုံးတယ်” လို့ နောင်တရားဒေသရှိ အာလူးစိုက် တောင်သူတစ်ဦးက ပြောပါတယ်။
ဧပြီလတုန်းက အာလူးဈေး ၃ ထောင်ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး ဇွန်လပိုင်းမှာတော့ သွင်းတဲ့ တောင်သူဦးရေနည်းလာတဲ့အတွက် ၃၅၀၀ ကျပ်အထိ ဈေးအနည်းငယ် တက်လာတယ်လို့ သိရပါတယ်။
တောင်သူတွေဟာ အာလူးမျိုးစေ့နဲ့ မြေဩဇာကို တရုတ်က ဝယ်ရတာကြောင့် အရင်နှစ်တွေထက် ဈေးနှုန်းမြင့်တက်လာပြီး ကုန်ကျစရိတ်ပိုများပြားလာကာ အရှုံးပေါ်နေတာပါ။
“ဈေးတော့မရသေးဘူး။ ဒါပေမယ့် တော်သေးတယ် ပြောရမှာပေါ့။ ၃ လပိုင်းတုန်းကဆို တစ်ပိဿာ ၂ ထောင်လောက်ပဲ ရတာ။ အခုတော့ ရှုံးပေမယ့် အရင်လောက် မဆိုးဘူး ပြောရမှာပေါ့” လို့ ဟဲဟိုးမြို့ရှိ အာလူးစိုက် တောင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပွဲရုံအများစုကလည်း ဈေးကစားတာ၊ အထွက်နှုန်းများတဲ့အချိန် ဈေးနှိမ်ပြီး ဝယ်တာ၊ ဓါတ်ဆီဈေးတက်လို့ ပွဲရုံအထိ လာမရောင်းနိုင်တဲ့ တောင်သူတွေကို အိမ်တိုင်ရာရောက် ဈေးနှိမ်ပြီး လာဝယ်ပေးတာ စတဲ့အကြောင်းအရာတွေကြောင့် တောင်သူအများစုဟာ ထပ်ဆင့် အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။
အာလူးကို ပင်လောင်း၊ နောင်တရား၊ ကလော၊ ရွာငံ၊ ပင်းတယ စတဲ့မြို့နယ်တွေမှာ ဧကသောင်းချီ စိုက်ပျိုးကြပြီး တစ်ဧကကို ပိဿာ ၅ ထောင်ကနေ ၈ ထောင်အထိ ထွက်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။
MK014








