မဲခေါင်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ အထူးဒေသ(၁) နဲ့ လောက်ကိုင်မြို့နယ်တွေမှာ စစ်ကောင်စီကို ထိုးစစ်ကြီးဆင်ပြီး စစ်တပ်အထိုင်စခန်းတွေတိုက်ခိုက်နေပြီလို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
မနေ့ကကိုးကန့်ဒေသတွင်း တိုက်ပွဲတွေနဲ့ ဒီကနေ့ မနက် ၄ နာရီခန့်ကစပြီး နမ်ပေါင့်၊ ချင်းရွှေဟော်၊ မုံးကို စစ်တပ်အထိုင်စခန်းတွေကို MNDAA ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သားတချို့ အရှင်ဖမ်းမိသလို လက်နက်ခဲယမ်တွေလည်းရခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၆ ရက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက တိုက်ပွဲနေရာတွေသာမက အနီးအနားဝန်းကျင်တွေကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် MNDAA တပ်သားတစ်ဦး နဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရမှုတွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းမြောက်မှာ စစ်ကောင်စီကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ကလည်း လားရှိုး၊ကျောက်မဲ၊ မိုးကုတ်၊ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့တွေကို စစ်တပ်အထိုင်စခန်းတွေကို မနေ့ည ၁၀ နာရီကျော်ကတည်းက တစ်ပြိုင်နက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း MNDAA အနေနဲ့ အရေးပေါ်အခြေအနေတွေကြောင့် လားရှိုး-မူဆယ်လမ်းပိုင်းနဲ့ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာခွင့်အလုံးစုံပိတ်ပင်လိုက်ပြီး ဖြတ်သန်းသွားလာပါက စစ်တပ်ထောက်ပို့ယာဉ်တန်းအဖြစ်သတ်မှတ်တိုက်ခိုက်သွားမယ်လို့ ပြင်းပြင်းထန်ထန် အသိပေးထုတ်ပြန်ထားပါတယ်။
MK-007
#MeKongNews
#MNDAA
#ကိုးကန့်
#ရှမ်းမြောက်
#ချင်းရွှေဟော်
#စစ်ဆင်ရေး