မဲခေါင်၊ မတ် ၂၂
ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားဟာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အနီးမှာ ဒီကနေ့ မနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခံရပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မနက် ၁၂ နာရီခွဲက မိုင်တိုင် အမှတ် ၁၄၂/၁၄ နဲ့ ၁၄၂/၁၅၊ ကျွဲပွဲမြို့နဲ့ ညောင်ခြေထောက်ကြား မိုင်းခွဲခံရတာ ဖြစ်ပြီး ရထားစက်ခေါင်း မှန်ကွဲသွားတဲ့ အပြင် ခရီးသည် အမျိုးသား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီရထားပေါ်မှာ ခရီးသည် ၇၀၀ လိုက်ပါလာတာ ဖြစ်ပြီး ဒဏ်ရာရ ခရီးသည် ဦးလေးလွင်နဲ့ ဦးဟီရာဂျမ် ဆိုသူတို့ တောင်ငူဆေးရုံမှာ ကုသနေကာ ရထား ဆက်လက် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ဒီခရီးသည်တင် ရထား မိုင်းခွဲ တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာ မသိရသေးပေမယ့် စစ်ကောင်စီကတော့ NUG နဲ့ PDF ပြုလုပ်တယ်လို့ စွပ်စွဲမှာပဲလို့ ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။
အဆိုပါ အမှတ် ၃ အဆန် ရထားဟာ ရန်ကုန်မှ မောင်းနှင်လာတာ ဖြစ်ပြီး လက်ရှိ မိုင်းပေါက်ခဲ့တဲ့ ကျေးရွာအနီး စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
MK-005
#MeKongNews
#ပဲခူးတိုင်း
#အဆန်ရထား
#မိုင်းခွဲ