မဲခေါင်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ကထိန်ပွဲကို ပြန်လည်ကျင်းပခဲ့ရာ ဒေသခံများနှင့် ပွဲတက်ရောက်လာသူများ စည်ကားခဲ့ကြောင်း သိရသည်။
နမ်းနိန်းကျေးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း သံဃာတော် ၃ ပါးအပါအဝင် ဒေသခံ ၂၂ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ယင်းဖြစ်စဉ်ကြောင့် ကျေးရွာအတွင်း ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် နမ်းနိန်းရွာတွင် ယခုအခါ ကထိန်ပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများအပြင် အခြားနေရာများမှ လာရောက်သူများပါ ပါဝင်ခဲ့ကြသဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
“မီးရှို့ခံရပြီးနောက်ပိုင်း အရင်လို ပွဲတွေကျင်းပဖို့ဆိုတာ အဆင်မပြေခဲ့ဘူး။ ဒီနှစ်ကထိန်ပွဲကို ပြန်ကျင်းပနိုင်တာက ရွာသူရွာသားတွေအတွက် ဝမ်းသာစရာပါ။ လူတွေလည်း အများကြီးလာကြတယ်။ ကိုယ့်ရွာရဲ့ ဘာသာရေးဓလေ့ကို ပြန်လည်ကျင်းပနိုင်တာ၊ အားလုံးပြန်စုဝေးနိုင်တာကို မြင်ရတော့ ဝမ်းသာမိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ် ကထိန်ပွဲ ပြန်လည်ကျင်းပနိုင်ခြင်းသည် မီးဘေးဒဏ်နှင့် တိုက်ခိုက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် ကျေးရွာအတွင်း ဘာသာရေးအစဉ်အလာကို ပြန်လည်ထိန်းသိမ်းနိုင်သည့် အခမ်းအနားတစ်ခုအဖြစ်လည်း ဒေသခံများအတွက် အရေးပါနေကြောင်း ပြောသည်။
#MeKongNews
#ကရင်နီ
#နမ်းနိန်
#ဘုံကထိန်
#ပင်လောင်း








