လမ်းခရီးမှာ စစ်ဆေးမှုများပြီး ပြန်လွှတ်တာတွေရှိလို့ မိုင်းဖုန်းဆရာတော်မွေးနေ့ လာဖူးသူနည်း
မဲခေါင်၊ ဇန်နဝါရီ ၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ ကျင်းပနေတဲ့ မိုင်းဖုန်းဆရာတော်မွေးနေ့ပွဲ လာရောက်ဖူးမျှော်ရာလမ်းမှာ စစ်ဆေးမှုတွေများတဲ့အပြင် ပြန်လွှတ်တာတွေလည်းရှိလို့ ဒီနှစ်မှာ လာရောက်ဖူးမျှော်သူတွေ သိသိသာသာနည်းသွားတယ်လို့ တာချီလိတ်ဒေသခံတွထံက သိရပါတယ်။
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုမှာပြုလုပ်တဲ့ မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရရဲ့မွေးနေ့ဟာ အရင်နှစ်တွေက ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းအပါအဝင် နိုင်ငံအနှံအပြားကလာရောက်ဖူးမျှော်သူတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားပြီး ဒီနှစ်မှာတော့ သိသိသာသာနည်းသွားတယ်လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်နှစ်တွေက ဒီအချိန် ဟိုတယ်တောင်အခန်းရှာမရဘူး။ လမ်းမှာပြည့်ကြပ်နေတာပဲ။ အခုက လမ်းမှာစစ်တာရယ်၊ ထောက်ခံစာတောင်းတာတွေကြောင့် သိပ်မလာကြတာ” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှတ်ပုံတင်ဖြစ်တဲ့ ၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ တအာန်းလူမျိုးအချို့ကို သံလွင်တံတား တာကော်စစ်ဆေးရေးဂိတ်မှာ ဖြတ်သွားခွင့်မပြုဘဲ ပြန်လွှတ်နေတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူ ရှမ်းပြည်တောင်ပိုင်း၊ ဘန်းယာဉ်ကနေ မိုင်းဖုန်းဆရာတော်မွေးနေ့ပွဲလာတဲ့ ပအိုဝ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အလားတူ ရှမ်းပြည်အရှေ့ပိုင်းကို ရှမ်းပြည်တောင်ပိုင်းဘက်ကလာတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် လမ်းကြောင်းပေါ်မှာရှိတဲ့ သံလွင်မြစ်ကူး တာဆန်းတံတားမှာလည်း စစ်ဆေးပြီး ပြန်လွှတ်နေတာတွေရှိတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ကနေ တာချီလိတ်မြို့က မိုင်းဖုန်းဆရာတော်မွေးနေ့လာသူ တစ်ဦးက “အဓိကလူမျိုး ခွဲခြားတာ၊ ပလောင် (တအာန်း) ဆိုမရဘူး။ ထောက်ခံစာပါတဲ့တချို့လည်း ကျိုင်းတုံကို ဝင်သတင်းပို့ခိုင်းတာရှိတယ်။ သွားမရတာတော့ သုံးစီးလောက်တွေ့တယ်။ ကားတစ်စီးထဲကို သွားရတာ၊ မသွားရတာတွေ” လို့ မဲခေါင် ကိုပြောပါတယ်။
မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရရဲ့မွေးနေ့ကို ဇန်နဝါရီလ ၅ ရက်နေ့မှာ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းက ဆရာတော်စံကျောင်းနဲ့ ဘုရားပရဝဏ်အတွင်းကျင်းပမှာဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီ ၁ရက်နေ့ကနေ ၆ရက်နေ့အထိ ပွဲတော်ကျင်းပတာဖြစ်လို့ လာရောက်ဖူးမျှော်သူတွေ စည်ကားလေ့ရှိပါတယ်။
ဒီနှစ်မှာတော့ မိုင်းဖုန်းဆရာတော်မွေးနေ့ပွဲလာသူတွေ ထောက်ခံစာယူလာကြဖို့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်မှာ ရှမ်းအရှေ့သံဃာ့နာယကဥက္ကဋ္ဌ အရှင်ဉာဏသီရိက သတိပေးထားပြီး စစ်ဆေးရေးဂိတ်တွေက တာဝန်ရှိသူတွေကိုလည်း ခွင့်ပြုပေးဖို့ ပန်ကြားထားပါတယ်။
MK – 002, 012
#MekongNews









