ဟိုပုံးမှာ ရေဘေးကြောင့် နေအိမ်မြေအောက် နစ်မြုတ်သွားတဲ့ အိမ်ထောင်စု ၉၀ကျော်အကူအညီတွေ လိုအပ်နေ
မဲခေါင်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၁ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် နေအိမ်တွေ မြေအောက်နစ်မြုတ်သွားတဲ့ အိမ်၉၇လုံး ဒီနေ့ထိ အလှူရှင်မရှိတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ မြေပြင်မှာကူညီနေတဲ့ volunteer team ထံမှ သိရပါတယ်။
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်၊ လွယ်မောတောင်တကြောရှိ ကျေးရွာ ၁၀ရွာကျော်၊ အိမ်ထောင်စု ၄၀၀ကျော်ဟာ ရေဘေးသင့်ခဲ့ကြသလို မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် အိမ် ၉၇လုံးဟာ မြေအောက်ကိုရောက်ရှိသွားခဲ့ရပေမယ့် လက်ရှိအထိ ပြန်လည်ရှာတွေ့တာမရှိသေးဘူးလို့ ဆိုပါတယ်။
“သူတို့အတွက် နေဖို့နေရာ၊ ယာယီတဲလိုမျိုး လိုအပ်တယ်၊ အိမ်ဆောက်ဖို့ပစ္စည်းတွေ လိုအပ်တယ်၊ ပြီးတော့ လက်ရှိမှာ အစားအသောက် အခက်အခဲတွေ ရှိနေကြတယ်၊ ဘုန်းကြီးကျောင်းတွေကပဲ ဒိုင်ခံပြီးတော့ ကျွေးနေရတယ်၊ တချို့ကလည်း တောထဲက မုံညှင်းတွေခူးစားနေပေမယ့် ရေပြန်ကြီးလာတော့ မုံညှင်းတွေလည်း မရှိတော့ဘူး၊ အစားအသောက်အခက်ခဲကတော့ တော်တော်လေးကို ဆိုးနေတယ်”လို့ မြေပြင်မှာကူညီနေတဲ့ volunteer teamမှ ဦးဆောင်အဖွဲ့ဝင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဲဒီဒေသတွေကို သွားရောက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးက အတော်ဆိုးတဲ့ အနေအထား ဖြစ်တာကြောင့် အလှူရှင်တွေမရှိသလောက် အနေအထားဖြစ်နေသလို ဆက်သွယ်ရေး၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်းခက်ခဲတဲ့ဒေသဖြစ်တာကြောင့်လည်း အခုလိုအကူအညီတွေလိုအပ်နေပေမယ့် အလှူရှင်တွေ မသိကြတာ ဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
“လမ်းကတော့ တော်တော်ဆိုးတယ်၊ လမ်းတွေက တောင်ပြို၊ မြေပြိုတဲ့အထဲ ပါသွားတာ၊ လူတွေကလည်း အဲဒီဖက်ကို သိပ်မသိကြဘူး၊ အင်းလေး၊ ညောင်ရွှေ၊ ကလောလောက်ကိုပဲ ရေကြီးတာ နာမည်ကြီးသွားတာ၊ ဒီဖက်အခြေအနေကတော့ မိုးထပ်ရွာရင်တောင် လမ်းကပြန်ပိတ်သွားနိုင်တယ်၊ မနေ့က ကျနော်တို့သွားတာတောင် လမ်းကကားအောက်ပိုင်းနဲ့ လွတ်တယ်ဆိုရုံလေးပဲ”လို့ အဲဒီဒေသကို သွားရောက်လှူဒါန်းခဲ့သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
နေအိမ်အဆောက်အဦးတွေအပြင် စာသင်ကျောင်း၊ ဆေးပေးခန်းတွေနဲ့ လမ်းတံတားတွေ၊ ဓာတ်တိုင်၊ ဓာတ်ကြိုးတွေပါ ပျက်စီးကာ သွားလာဆက်သွယ်ရေးခက်ခဲနေတာကြောင့် တတ်နိုင်သူတွေအနေနဲ့ အဲဒီဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးကြဖို့ မြေပြင်မှာကူညီနေတဲ့ volunteer teamတွေက မေတ္တာရပ်ခံထားပါတယ်။
ဓာတ်ပုံ-Local
CJ-003
#MekongNews









