မဲခေါင်၊ အောက်တိုဘာ ၉
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာလအတွင်းက ရေကြီးတာ၊ မြေပြိုတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အခြေခံစားသောက်ကုန်တွေ စျေးကြီးလာတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေထံက သိရပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား အပြင် အခြား ကုန်ပစ္စည်းတွေလည်း ဈေးတက်လာပြီး ဆန်တစ်အိတ်ကို ကျပ် ၃သောင်းခန့်ဈေးတက်လာတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေက ပြောပါတယ်။
“တအားစျေးမြင့်တက်သွားတာက ဆီ၊ ဆန်၊ ဆားပေါ့နော်။ လမ်းတွေကပျက်တော့ ဝယ်ရတာခက်လာတယ်။ ကုန်တွေက ဝင်ပေမယ့်လမ်းခက်ခဲတော့ စျေးပိုမြင့်လာတာပေါ့နော်။ ဆန်က ဝယ်ရတာလည်း ခက်လာတယ်။ ရေဘေးသင့်အတွက် လှူချင်ရင်တောင် အိတ်များများ မရတော့ဘူး”လို့ နန်းမယ်ခုံ အားမာန်သစ် ပရဟိတအသင်းက တာဝန်ခံ ကိုသန့်ဇင်က ပြောပါတယ်။
ဆန်တအိတ်ကို ၈၅၀၀၀၊ ၉၀၀၀၀ ဝန်းကျင်ကနေ ၁၁၀၀၀၀၊ ၁၂၀၀၀၀ ကျပ်၊ ဆားတအိတ်ကို ၂၅၀၀၀ ဝန်းကျင်ကနေ ၃၀၀၀၀ ကျော်၊ ၃၀ ကျပ်သား ဆီတဘူးကို ၄၅၀၀ ဝန်းကျင်ကနေ ၆၀၀၀၊ ၇၀၀၀ ကျပ်အထိ မြင့်တက်လာပြီး တခြားကုန်ပစ္စည်းတွေလည်း စျေးတက်လာတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။
ဆန်ဝယ်ယူရာမှာလည်း ဆန်ကြိတ်ရုံတွေမှာပါ ဆန်ပြတ်လပ်လာတာကြောင့် အကန့်အသတ်နဲ့သာ ဝယ်ယူရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်နီနဲ့ မိုးဗြဲအစပ်မှာ မိုးစပါးစိုက်ပျိုးကြတဲ့ တောင်သူတွေရဲ့ စပါးခင်းဧက ၅၀၀၀ ကျော် ရိတ်သိမ်းခါနီးမှာ ရေလွှမ်းမိုးခံလိုက်ရတာကြောင့် လာမယ့် ဆောင်းရာသီမှာ ဆန်ပြတ်လပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်ရှိနေပြီး စစ်ရှောင်ကာလ ၃ နှစ်ကျော်ရှိလာတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိတဲ့အပြင် ရေဘေးကြောင့် လိုအပ်ချက်တွေလည်း ပိုမိုကြီးမားလာတာဖြစ်ပါတယ်။
CJ – 004










