မဲခေါင်၊ စက်တင်ဘာ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင် တစ်ကြောက ကျေးရွာတွေမှာ ဇူလိုင်လ ၁၁ ရက်ကနေ ၁၄ ရက်အထိ ၄ ရက်တာအတွင်း ရေကြီးရေလျှံ ဖြစ်မှုကြောင့် ပျက်စီးဆုံးမှုများခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ရေကြီးရေလျှံ ဖြစ်မှုကြောင့် ကျေးရွာတွေအတွင်း လူနေအိမ် ၁၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လတ်တလောမှာ အလောင်း ၆ လောင်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
“လူသေက ဒီထက် များနိုင်တယ်။ ပျောက်နေတာ အများကြီးပဲ။ ရုတ်တရက်ဆိုတော့ ဘယ်လိုမှ မပြေးနိုင်ဘူးလေ။ မြေပြိုပြီး သေတာတွေလည်း မတူးရသေးဘူး” လို့ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
လုံးဟီးနဲ့ လိုင်းကင်ရွာမှာ ရေစီးရေလျှံမှုကြောင့် လူနေအိမ် ၁၂၀ ကျော်နဲ့ ဗန်းစောက်ရွာမှာ မြေပြိုမှုကြောင့် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ပြီး စငေါရွာမှာလည်း အလောင်း ၆ လောင်း တွေ့ရှိထားတယ်လို့ ကနဦး သိရပါတယ်။
လက်ရှိမှာ စငေါ၊ ဒုံကောင်၊ စအွန် စတဲ့ကျေးရွာတွေဟာ စိုးရိမ်ရေမှတ် မရှိတော့ပေမယ့် ရေဝင်ရောက်နေဆဲဖြစ်ပြီး စားနပ်ရိက္ခာနဲ့ အဝတ်စား အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဲနယ်တောင် တစ်ကြောက ကျေးရွာတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ အသေအပျောက်စာရင်း မကောက်ယူနိုင်သေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။
မဲနယ်တောင် တစ်ကြောရှိ ကျေးရွာတွေမှာ အိမ်တွေကို အင်္ဂတေနဲ့ မဆောက်ဘဲ သစ်သား၊ ပျဉ်၊ ထရံ စတာတွေနဲ့သာ ဆောက်လုပ်ကြတာကြောင့် ရေအားကောင်းတဲ့ အချိန်မှာ အိမ်တွေက မတောင့်ခံနိုင်တော့ပဲ ရေထဲမျှောပါ ပျက်စီးကြတာလို့ စုံစမ်း သိရပါတယ်။
MK-014












