မဲခေါင်၊ စက်တင်ဘာ ၁၁
မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)အပါအဝင် တမြို့လုံးနီးပါး ရေနစ်မြုပ်နေတဲ့ တာချီလိတ်မြို့မှာ ဒီနေ့ စက်တင်ဘာလ ၁၁ ရက် မနက် ၉နာရီလောက်က စတင်ကာ ဖုန်းလိုင်းတွေ ဆက်သွယ်ရခက်နေတယ်လို့ စုံစမ်းသိရပါတယ်။
စက်တင်ဘာလ ၁၀ရက် ညပိုင်းမှာ မိုးပိုမိုသည်းထန်လာတာကြောင့် ရေကြီးမှု ပိုမိုဆိုးရွာလာပြီး ဒီနေ့ စက်တင်ဘာလ ၁၁ရက် မနက် ၉နာရီကျော်မှာတော့ မြို့ခံတော်တော်များများနဲ့ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ အဆက်အသွယ်ရတဲ့မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခုက ဝိုင်ဖိုင်တွေတော့ရသေးတယ်။ ဖုန်းလိုင်းတွေက လုံးဝ မရတော့ဘူး။ မီးပျက်နေတော့ ဝိုင်ဖိုင်စက်ကလည်း မရတဲ့လူများတယ်။ မီးစက်ရှိတဲ့လူနဲ့ ဘထ္ထရီရှိတဲ့လူလောက်ပဲ သုံးလို့ရတော့တယ်” လို့ သူကပြောပါတယ်။
တာချီလိတ်မြို့မှာ လျှပ်စစ်မီးကို စက်တင်ဘာလ ၁၀ရက် မနက်ပိုင်းကတည်းက ဖြတ်တောက်ထားတာဖြစ်ပြီး သတင်းရေးသားချိန်ဖြစ်တဲ့ မနက် ၁၀နာရီကျော်အထိ တာချီလိတ်မြို့မှာ မိုးလည်း မတိတ်သေးသလို ရေလည်းမကျသေးဘူးလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက်တော့ စက်လှေနဲ့လိုက်ခေါ်နေတာတွေ့တယ်။ ဒီဘက်တော့မရောက်သေးဘူး” လို့ ပုန်းထွန်ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
မနေ့ စက်တင်ဘာလ ၁၀ရက် ညပိုင်းအထိ ရေကြီးတဲ့နေရာအချို့မှာ ပိတ်မိသူတွေရှိနေပြီး လျှပ်စစ်မီးမလာတာကြောင့် ထမင်း၊ ဟင်းချက်ပြုတ်လို့မရတော့ဘဲ ရှိတဲ့အစာခြောက် အနည်းငယ်ကိုသာ မှီခိုနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပရဟိတအဖွဲ့တွေ ဝေပေးတဲ့ ထမင်းထုတ်တွေဟာလည်း နေရာတိုင်းမရောက်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မြို့အပြင် ကျိုင်းတုံမြို့မှာလည်း ရေကြီးနစ်မြုပ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်တာ၊ ဖုန်းလိုင်းပြတ်တောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တာချီလိတ်၊ ကျိုင်းတုံမြို့တွေတင်မကဘဲ ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်အများစုမှာ ရေဘေးကြုံနေရတာဖြစ်ပါတယ်။
MK – 002










