မဲခေါင်၊ သြဂုတ် ၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့မှာ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ယနေ့ သြဂုတ် ၁ရက် မနက်ပိုင်းမှာ ပင်လောင်းမြို့ပေါ် ၁၀ ရပ်ကွက်လုံး ရေကြီးရေလျှံနေပြီး အမှတ်-၁ နဲ့ အမှတ် ၂ အထက်တန်းကျောင်းတွေ ပိတ်ထားတာအပြင် လူတွေလဲ သွားလာရ ခက်ခဲနေတယ်လို့ သိရပါတယ်။


“အိမ်ထဲထိ ရေတွေ လှိမ့်ဝင်နေတာကော၊ ဒူးလောက် ခါးလောက်အထိရောက်တယ်၊ အချို့ အိမ်အနိမ့်တွေတော့ ပျက်စီးတာများတယ်၊ အောက်ထပ်ဆို ရေက အစီးတောင်သန်နေသေးတယ်” လို့ ဒေသခံတစ်ဦးထံက သိရပါတယ်။
ဘီလူးချောင်း၊ ၀ါးချောင်းရေတွေ ရေပြည့်ရေလျှံလို့ ပင်လောင်းမြို့တွင်း ရောက်ရှိလာတာဖြစ်ပြီး ဒီတစ်ခါ ရေကြီးတာ စံချိန်တင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပင်လောင်းမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၈၀၀ ပေမှာ တည်ရှိတာဖြစ်ပြီး မြို့ပေါ် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စုနဲ့ ကျေးရွာပေါင်း ၄၄၆ ရွာတို့နဲ့ဖွဲ့စည်းတယ်လို့ ဒေသန္တရ အချက်အလက်တွေအရ သိရပါတယ်။








