မဲခေါင်၊ ဇွန် ၂၀
ကချင်ပြည်နယ် အထူးဒေသ ၁၊ ပန်ဝါ အနီးက မြေရှားသတ္တု တူးတဲ့ လုပ်ကွက် ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ည သန်းခေါင် ၁၂ နာရီခန့်က မြေပြိုလို့ လူ ၅၀ ခန့် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ည လူတွေ အိပ်ပျော် နေချိန် မြေပြိုလာတာတာ။ အိမ်တွေတောင် မမြင်ရတော့ဘူး။ မြေကြီးတွေ အကုန်ဖုံးသွားပြီ။ လူ ၅၀ လောက် ပါသွားတယ်ပြောတာပဲ။ မနက် အစောပိုင်း သွားကြည့်တာ တယောက်မှထွက်မလာဘူး။ လူတွေ အကုန်ပါသွားတာထင်တယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဒီနေ့မှာတော့ အဲဒီ မြေပြိုပြီး ဗွက်တွေဖုံးသွားကာ အိမ်တွေမြုပ်သွားတဲ့နေရာမှာ အလောင်းတွေ ရှာဖွေဖို့တူးနေကြတယ်လို့ သိရပါတယ်။ အွန်လိုင်းမှာ ပုံတွေ တင်မှာ စိုးလို့ အဲဒီနေရာမှာ ရှိတဲ့ လူတွေရဲ့ ဖုန်းတွေကိုလည်း သိမ်းသွားတယ်လို့ ဆိုပါတယ်။
“ဇခုန်တိန့်ယိန်းနဲ့ ဇခုန်တိန့်ဆောင်ဝ် တို့ရဲ့ မြေရှားသတ္တုတူးတဲ့ နေရာ ၂ ခု ပြိုသွားတာ။ သတ္တုတူးတဲ့ အလုပ်ဆိုဒ်ဘက်ခြမ်း ပါသွားတယ်။ အောက်ဘက် တော်တော်မြုပ်သွားတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
မြေပြိုပိပါသွားတဲ့ လူဦးရေတော့ အတိအကျမသိရပဲ ခန့်မှန်းခြေ ၅၀ ခန့်ဖြစ်ပြီး အလောင်းတွေကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြေရှားသတ္တုတူးတဲ့ နေရာတွေမှာ မြေကြီးတွေအခေါင်းပေါက်ဖြစ်ပြီး ကျန်ခဲ့တာကြောင့် မြေပြိုလွယ်တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း ပန်ဝါမြို့ရှိ မြေရှားသတ္တုလုပ်ကွက်တခုမှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ အလုပ်သမား ၁၂ ဦးပျောက်ဆုံးခဲ့ပြီး အလောင်း ၅ လောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
CJ-008








