မဲခေါင်၊ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီ စခန်းအားလုံးကို ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်ည ၁၀ နာရီကျော်ခန့်က KIA ဘက်က အပြီးအစီး သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“စခန်းသိမ်းလိုက်တာက သေချာတယ်။ မနေ့ည ညပိုင်းကနေ သိမ်းတာ။ ည ၁၀ နာရီ ၂၀ လောက်က” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
တချို့ ရပ်ကွက်က စစ်ရှောင်ပြည်သူတွေက ပြန်လာလို့ရပြီလို့ သူက ပြောပါတယ်။
“ည ကတည်းက သူတို့ စခန်း လက်လွတ်ခဲ့ကြရတာလေ။ မနေ့ည ၁၀ နာရီ ကျော်ကတည်းက စစ်ကောင်စီ ဘက်က လေယာဉ်နဲ့ ဗုံး တရစပ် လာကြဲတယ်။ တစ်ခါကြဲရင် ဗုံး အများကြီး တစ်ခါထဲ ကြဲလို့ရတဲ့ လေယဉ်နဲ့လေ” လို့ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဒီမနက်ပိုင်းအထိ ရှင်းလင်းရေး လုပ်နေတယ်လို့သိရပေမယ့် ထိခိုက်မှု၊ သိမ်းဆည်းရရှိမှုနဲ့ ပတ်သက်ပြီး ဖုန်းလိုင်း ပြတ်ဝောက်နေတာကြောင့် အသေးစိတ် မသိရဘူးလို့ သူက ပြောပါတယ်။
နမ့်ဖတ်ကာ စစ်ကောင်စီ တပ်စခန်းကို KIA ဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကစ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း အရပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်း အပါအဝင် နေအိမ် အများအပြား လက်နက်ကြီးနဲ့ လေယာဉ်ဗုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
CJ-008
#MeKongNews
#နမ့်ဖတ်ကာ
#KIA
#သိမ်းပိုက်
#စစ်ကောင်စီ







