မဲခေါင်၊ ဒီဇင်ဘာ ၁၃
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် (ဆောထိ)မှ ကွန်ဖဲ့စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ဒီဇင်ဘာ ၁၀ ရက်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဆုတ်ခွာသွားတာကြောင့် KNLA နဲ့ PDF အဖွဲ့တွေက သွားရောက်ဖျက်ဆီးခဲ့တာပါ။
ရွှေကျင်မြို့နယ်၊ တောင်ခြေရင်းစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့က KNLA နဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီးနောက် လုံခြုံရေးအရ အပြန်အလှန်အထောက်အကူပြုထားတဲ့ ဝင်းကလုံးစစ်စခန်းမှ ခမရ-၃၅၂ စစ်ကြောင်းဟာလည်း စခန်းကို စွန့်ခွာသွားကြပါတယ်။
စခန်းတွေကို စွန့်ခွာသွားကြတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့နဲ့အနီးဆုံးမှာရှိတဲ့ တပ်တွေဆီကို သွားရောက်ပူးပေါင်းသွားကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းအတွင်းက ကျောက်ကြီး၊ ရွှေကျင်နဲ့ ဝေါမြို့နယ်တွေမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စခန်းစွန့်မှုများလည်း ရှိနေသည်။
#MeKongNews
#ရွှေကျင်
#စစ်ကောင်စီ
#စခန်းစွန့်
#ပူးပေါင်း
#မီးရှို့