မဲခေါင်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မနေ့က စစ်တပ်စခန်း ၂ ခု ထပ်မံ သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်စခန်းပေါင်း ၁၆၄ ခုအထိ တိုက်ခိုက် သိမ်းပိုက်ထားတယ်လို့ MNDAA က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” အဖြစ် ကိုးကန့် တုန်းရှမ်းဒေသ၊ ရင့်ရှင့် အနောက်တောင်ကုန်း၊ ရာပါးချင့် တပ်စခန်း၊ ဟုန်အိုင်ထုံး စစ်ကောင်စီ တပ်စခန်းတို့ကို မနေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစခန်းသိမ်းတွေကို လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်ပြီးနောက် မြေပြင်တပ်တွေ ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက် ခဲယမ်းတွေနဲ့ ရိက္ခာတွေ ရရှိခဲ့တယ်လို့ MNDAA က ပြောပါတယ်။
ဒါ့အပြင် မနေ့က ရှင်းဝမ်ဒေသ၊ လောက်ကောင်ကျိုင့်ကနေ မန်ကန်ရွာကြား ဖြတ်သန်းလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးကို ကြားဖြတ် တိုက်ခိုက်ရာ ၉ ဦး သေဆုံးပြီး ကျန်စစ်သားတွေ ထွက်ပြေးသွားခဲ့သလို လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေ ဦးတည်နေတဲ့ လောက်ကိုင်မြို့ အနီးမှာ မနေ့က ပစ်ခတ်မှု ဖြစ်ခဲ့သလို စစ်ကောင်စီရဲ့ လောက်ကိုင် ဒကစ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် စစ်ရှောင် ကားတစ်စီးပေါ် ကျရောက် ပေါက်ကွဲလို့ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ သိရပါတယ်။
MK-007
#MeKongNews
#ကိုးကန့်ဒေသ
#လောက်ကိုင်_ဒကစ
#MNDAA











