မဲခေါင်၊ နိုဝင်ဘာ ၂၀
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်အပြည့်အစုံယူဆောင်ကာ မနေ့ (နိုဝင်ဘာ ၁၉) မှာ လက်နက်ချအလင်းဝင်လာတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဖယ်ခုံ-မိုးဗြဲတစ်လျှောက်ပြင်းထန်နေတဲ့ တိုက်ပွဲတွေမှာ အသက်မသေဆုံးလိုတာကြောင့် လက်နက်အပြည့်အစုံယူဆောင် အလင်းဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်သား ၃ ဦးဟာ လွိုင်ကော်အခြေစိုက် အမတ-၅၃၀ တပ်ရင်းက တပ်သားအဆင့်ရှိသူတွေဖြစ်ပြီး လက်နက်ငယ် ၃ လက်၊ ကျည်ဘောက်တွေနဲ့ ၇၉ ဗုံးသီးတွေကိုပါ ယူဆောင်လာခဲ့လို့ ဆုကြေးငွေပေးအပ်ကာ လုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။
နောက်ထပ်ပြည်သူ့ဘက်ကူးပြောင်းချင်တဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိုးဗြဲမြို့ တောင်ဘက် ဆောင်ကန်းကျေးရွာကစပြီး ဖယ်ခုံအင်းအရှေ့ခြမ်း ၁၀၀၆ တပ်ရင်း လှုပ်ရှားနယ်မြေအတွင်းကို သတ္တိရှိရှိဝင်ရောက်လာပြီး တွေ့တဲ့ပြည်သူကို PDF ထံပို့ပေးပါလို့ အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
လက်နက်ချလိုတဲ့သူတွေကို ဖယ်ခုံ PDF က အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပေးသွားမှာဖြစ်ပြီး စက်တင်ဘာလ နဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၇ ဦးထိ ဖယ်ခုံ PDF ထံ လက်နက်ချအလင်းဝင်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
MK-007
#MeKongNews
#ဖယ်ခုံ
#အလင်းဝင်








