ဒလီဗာရီဖြင့် ကက်တမင်း ၁၂၀ ကီလိုဂရမ် ပို့ခိုင်းသူ ၂ ယောက် မယ်ဆိုင်တွင် ဖမ်းမိ
မဲခေါင်၊ မတ် ၂၇
မယ်ဆိုင်မြို့တွင် အမျိုးသား ၂ ယောက်သည် ပါဆယ်ထုပ် ၁၅ ထုပ်အား ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကုမ္ပဏီထံသို့ လာအပ်ကာ ဘန်ကောက်သို့ ပို့ဆောင်ခိုင်းခဲ့မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၆ရက်၌ ကနဦး ပါဆယ် ၁၁ ထုပ်ကို မယ်ဆိုင်ခရိုင် မောင်းဒေအန်းလမ်းရှိ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီထံ အမျိုးသား ၂ ဦးက လာရောက်ပို့ဆောင်ပေးသွားပြီး ဘန်ကောက်သို့ ပို့ဆောင်ခိုင်းပြီး ပြန်ထွက်သွားစဉ် စစ်ဆေးကြည့်ရာ ကက်တမင်းထုပ်များဖြစ်နေသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မယ်ဆိုင်ရဲတပ်ဖွဲ့၊ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့နှင့် အေဂျင်စီများမှ လိုက်လံစုံစမ်းရာ ပစ္စည်း လာအပ်သည့် မစ္စတာနင်ဆိုသူနှင့် မစ္စတာဖွန်းဆိုသူ နှစ်ဦးကို ချင်းရိုင်လိုင်စင်နံပါတ်ပြား ကားတစ်စီး ပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။
အမှုကွင်းဆက်ကို ဆက်လက်စုံစမ်းရာ မယ်ဆိုင်ရှိ တခြား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုစီလည်း ပါဆယ်ထုပ် ၄ ထုပ်အား ဘန်ကောက်သို့ ပို့ဆောင်ခိုင်းခဲ့ကြောင်းနှင့် ၎င်းတို့ ၂ဦး စုစုပေါင်း ပေးပို့သည့် ပါဆယ် ၁၅ ထုပ်တွင် ကက်တမင်း ၁၂၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။
ကိုကလင်း
Ref: MAESAIPRESS
#MeKongNews









