မြန်မာနိုင်ငံတွင်းက ကျားဖြန့် ဒုစရိုက်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ တရုတ်၊ ထိုင်း၊ မြန်မာ သဘောတူညီမှုရ
မဲခေါင်၊ ဇန်နဝါရီ ၂၃
ဇန်နဝါရီ ၂၁ ရက်နေ့က တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်နဲ့ အာဆီယံနိုင်ငံတချို့ အစည်းအဝေးလုပ်ပြီးနောက် ကျားဖြန်ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ တရုတ်၊ ထိုင်း၊ မြန်မာ သဘောတူညီမှုရခဲ့ကြောင်း တရုတ် အစိုးရက အတည်ပြုထုတ်ပြန်ပါတယ်။
ဒီအစည်းအဝေးမှာ တရုတ်၊ ထိုင်း၊ မြန်မာအပြင် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံထဲက ကျားဖြန်ဒုစရိုက်အဖွဲ့အစည်းတွေကို ချေမှုန်းဖို့ ရှိသမျှ အစွမ်းကုန် လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ပိတ်မိနေသူအားလုံးကို ကယ်ထုတ်သွားဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ CCTV သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တရုတ်နိုင်ငံက နာမည်ကြီး သရုပ်ဆောင်နဲ့ မော်ဒယ်အပါ ဓားစာခံတွေဟာ ထိုင်းကနေ မြန်မာနိုင်ငံ ကရင်ပြည်နယ် နယ်စပ်ကို ဖြတ်ကျော် လူမှောင်ခိုကူးခံရမှုတွေ ဆက်တိုက်ရှိလာခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်တွေအနေနဲ့ အွန်လိုင်းလောင်းကစား၊ ကျားဖြန်ငွေလိမ်မှုဂိုဏ်းတွေကို ချေမှုန်းဖို့ ဖိအားပေးတိုက်တွန်းခဲ့ပြီးနောက် အခုလို အစည်းအဝေး ဆင့်ခေါ်ပြီး မြန်မာနိုင်ငံထဲက ကျားဖြန်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ တရုတ်၊ ထိုင်း၊ မြန်မာ သဘောတူနိုင်ခဲ့တာဖြစ်တယ်လို့ CCTV သတင်းက ဖော်ပြသွားပါတယ်။
၂၀၂၃ ခုနှစ်ကစလို မြန်မာဘက်က ကျားဖြန်လုပ်ငန်းတွေမှာ ပါဝင်တဲ့ တရုတ်နိုင်ငံသား ၅၃၃၈၈ ယောက်ကို ဖမ်းဆီးပြီး လွှဲအပ်ခဲ့ကြောင်း၊ မြန်မာအစိုးရ (စကစ) ဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အားပေး အားမြှောက်ပြုလုပ်နေတာမဟုတ်ဘဲ တိုက်ဖျက်မှုမှာ ပူးပေါင်းပါဝင်နေခဲ့တာဖြစ်တယ်လို့လည်း ပေကျင်းမှာ ရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်ကောင်စီရဲ့ အာဘော်ဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ကျားဖြန်လုပ်ငန်းတွေကို မြန်မာနိုင်ငံထဲမှာ အိမ်နီးချင်းပြည်ပနိုင်ငံသားတွေကသာ လာရောက်ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
Ref:CCTV
MKF-001
#MeKongNews









