မဲခေါင်၊ နိုဝင်ဘာ ၇
မလေးရှားနိုင်ငံ ကာဂျန်ခရိုင် ဘန်ဒါတက္ကနိုလိုဂျီစက်မှုဇုန်အနီး အခန်းထဲမှာ အခင်းနဲ့ လုံးပတ်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက် အလောင်းကို နိုဝင်ဘာ ၆ ရက်မှာ တွေ့ရှိရပြီး ဓားနဲ့ ၁၂ ချက် ထိုးခံထားရလို့ သွေးလွန် သေဆုံးခဲ့တာ ဖြစ်ကြောင်း ကာဂျန်ခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီအမျိုးသမီးဟာ အခန်းငှားနေထိုင်တာဖြစ်ပြီး တစ်တိုက်တည်းနေ အိမ်နီးချင်းတစ်ယောက် အော်ဟစ်အကူအညီ တောင်းသံ၊ ရုန်းရင်းဆန်ခတ်သံတွေကြားလို့ ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ကြောင်း၊ သေဆုံးသူ အမျိုးသမီးအခန်းထဲက အမျိုးသားတစ်ယောက် ဓားကိုင်လျှက် ထွက်ပြေးသွားတာ မြင်ကြောင်း ရှင်းပြပါတယ်။
ကာဂျန်းရဲတပ်ဖွဲ့က ဆေးစစ်မှုလုပ်အပြီး မြန်မာအမျိုးသမီး ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက်တွေ့ရပြီး သွေးလွန် သေဆုံးတာဖြစ်တယ်လို့ ထုတ်ပြန်ကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လို့ ဒီလူသတ်မှုနဲ့ပတ်သက်လို့ မသင်္ကာ ဖွယ်ရာ မြန်မာနိုင်ငံသား ၅ ယောက်ကို ဖမ်းဆီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေကြောင်း စခန်းမှူး ယူဆော့ဖ် က ထုတ်ပြန်ပြောဆိုပါတယ်။
သံသယတရားခံတွေထဲ ဘန်ဒါတက္ကနိုလိုဂျီနဲ့ ဆီမန်ယစ်အရပ်က ၂၈ နှစ်နဲ့ ၄၅ နှစ် အရွယ် မြန်မာအမျိုးသမီးနှစ်ယောက်ကိုလည်း အခင်းဖြစ်တဲ့နေ့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
လိုက်လံရှာဖွေစစ်ဆေးမှုမှာ အခင်းဖြစ်စဉ် အသုံးပြုခဲ့တဲ့ ဓားနဲ့ သွေးစွန်း အင်္ကျီတွေကို သံသယတရားခံ အမျိုး သားတစ်ဦးနဲ့အတူ ဖမ်းဆီး သိမ်းဆည်းရမိခဲ့ပါတယ်။ အမျိုးသမီး သေဆုံးခြင်းမှာ မနာလိုမှုကြောင့် ဖြစ်နိုင်ကြောင်းလည်း ရဲအရာရှိ ယူဆော့ဖ်က ယူဆနေပါတယ်။
Ref: malaymail
MKF-001








