မဲခေါင်၊ အောက်တိုဘာ ၁၁
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးလောကမှာ နိုင်ငံတကာ အဆင့်အအောင်မြင်ဆုံးသော လုပ်ငန်းစုကြီး ထူထောင်နိုင်ခဲ့သူ ရာတန်တာတာဟာ အောက်တိုဘာ ၉ ရက်နေ့က အသက် ၈၆ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
၁၉၃၇ ခုနှစ်က ရာတန်တာတာကို ဗြိတိသျှကိုလိုနီခေတ်က မွမ်ဘိုင်းမြို့ရဲ့ စီးပွားရေးမျက်နှာစာမှာ အောင်မြင်ခဲ့တဲ့ မိသားစုကနေ မွေးဖွားခဲ့ပြီးနောက်ပိုင်း အထည်ကြီးပျက်အဖြစ် မိသားစုစီးပွားရေးကျဆင်းခဲ့ပေမယ့် နယူးယောက် ကော်နဲတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် အိန္ဒိယကို ပြန်လာရင်း စီးပွားရေးလုပ်ငန်းကြီးတွေ ထူထောင်နိုင်ခဲ့သူဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ ရာတန်တာတာဟာ မိသားစု စီးပွားရေးကို ဦးဆောင်ရာမှာ စက်ရုံအောက်ခြေလုပ်သားအဖြစ်ကနေ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ မိသားစု စီးပွားရေးအရိုက်အရာ ဆက်ခံသူဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အစွန်းရောက်စျေးကွက်စီးပွားရေးစနစ်ကြီး ကြီးစိုးထားမှုကို ရာတန်တာတာဟာ တိုက်ဖျက်ပြီး လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်ကြီး ထူထောင်ရင်း နိုင်ငံ စီးပွားရေးကိုပါ အရှိန်အဟုန်နဲ့ မြှင့်တင်နိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ သူရဲကောင်းဖြစ်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ရာတန်တာတာဟာ စျေးကွက်မှာ အရှုံးပေါ်နေတဲ့ ဗြိတိန် Jaguar နဲ့ Land Rover ကားထုတ်လုပ် ရေးကုမ္ပဏီလုပ်ငန်းကြီးကို ဒေါ်လာ ၂ . ၃ ဘီလီယံနဲ့ ဝယ်ယူလိုက်ပြီး သူ့ Tata Group လုပ်ငန်းစုရဲ့ ပြန်လည် စီမံခန့်ခွဲမှုအောက်မှာ ဒီကားတွေ ထုတ်လုပ်ရောင်းချမှုကနေ အမြတ်အစွန်းတွေ ပြန်ရပြီးအောင်မြင်လာခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်း ကမ္ဘာမှာ စျေးအသက်သာဆုံး Tata ကားတွေကိုပါ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး သူ့လုပ်ငန်းစုကြီးက သက်တမ်း ၂၁ နှစ်အတွင်း အိမ်သုံးဆားကနေ သံမဏိ ထုတ်လုပ်မှုအထိ မျိုးစုံ ကမ္ဘာ့အနှံ့ အောင်မြင်တဲ့ စျေကွက်ဖော်ဆောင် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အလှူအတန်းအရာ၊ စီးပွားရေးဦးဆောင်ကဏ္ဍ၊ လူမှုရေး ခံယူချက်အားလုံမှာ ပြီးပြည့်စုံလွန်းတဲ့ Titan တစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းဟာ အိန္ဒိယတစ်နိုင်ငံလုံးအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက် ဆုံးရှုံး မှုကြီးဖြစ်ကြောင်း အိန္ဒိယသမ္မတ မိုဒီက ဝမ်းနည်းသဝဏ်လွှာထုတ်ပြန်ခဲ့ပါတယ်။
အာရှအချမ်းသာဆုံး အိန္ဒိယ သူဌေးကြီး အမ်ဘာနီကလည်း လူသားအားလုံးအတွက် ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ တာတာဟာ ၂၀၀၀ ပြည့်နှစ်က အိန္ဒိယနိုင်ငံရဲ့ အရေးအပါဆုံးသော အရပ်သားဂုဏ်ထူးဆောင်ဆု Padma Bhushan ရခဲ့ပြီး ၂၀၀၈ ခုနှစ်မှာလည်း Padma Vibhushan ဂုဏ်ထူးဆောင် ဆုတွေ ရရှိခဲ့သူဖြစ်ပါတယ်။
Ref: trtworld
MKF – 001










