မဲခေါင်၊ အောက်တိုဘာ ၁၁
လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ၂၀၂၄ အာဆီယံအစည်းအဝေးပွဲကို အောက်တိုဘာ ၉ ရက်မှာ စတင်ကျင်းပနေပြီဖြစ်ရာ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က ဒီဇင်ဘာလထဲ မြန်မာ့အရေး ငြိမ်းချမ်းရေးလမ်းစဉ်သစ်ချမှတ်ဖို့ ဘန်ကောက်မှာ အာဆီယံကိုယ်စားလှယ်များအစည်းအဝေး ဦးဆောင်ကျင်းပမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ရဲ့ ဘုတ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ကာဆစ်ပီရိုမြာက အာဆီယံဟာ အမြဲ မင်းအောင်လှိုင်နဲ့ နေပြည်တော်ဗဟိုပြု ဆွေးနွေးမှုတွေသာ လုပ်နေခဲ့လို့ စစ်ကောင်စီအလိုကျ လမ်းစဉ်တွေကိုသာ လမ်းဖွင့်ပေးနေခဲ့တာ ရှက်စရာဖြစ်ကြောင်းနဲ့ ပြည်သူ့အစိုးရ NUG ကို ခေါ်ယူဆွေးနွေးမှုတွေ လုပ်သင့်ပြီလို့ ပြတ်သားစွာ ပြောကြားသွားပါတယ်။
“ အာဆီယံခေါင်းဆောင်တွေဟာ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ကျ ဆွေးနွေးပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ကြတယ်။ မျှတမှုမရှိတဲ့ ချဉ်းကပ်မှုတွေချည်းလုပ်နေတာဟာ မင်းအောင်လှိုင် လိုချင်သမျှအတွက် လမ်းဖွင့်ပေးနေသလို ဖြစ်နေခဲ့တာ ရှက်စရာပါ။ NUG နဲ့ ဆွေးနွေးပြောဆိုသင့်ပါပြီ “ လို့ ပြတ်သားစွာ ဝေဖန်သွားခဲ့ပါတယ်။
နိုင်ငံတကာ Crisis Group က မြန်မာ့အရေးအကြီးတန်း အကြံပေးဖြစ်တဲ့ ရစ်ချက်ဟော်ဆေးကလည်း မြန်မာ တော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်ဒေသ တွေကို ထိန်းချုပ်ထားနိုင်ပြီး မြို့များစွာကို သိမ်းထားလို့ အင်အားကြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတောင် မြန်မာ့အရေး မူဝါဒတွေကို ပြင်ဆင် ထိန်းညှိနေရပြီဖြစ်လို့ အာဆီယံဟာလည်း အခုအချိန်မှာ နာတာရှည်အင်အားနည်းမှုဖြစ်ပေါ်နေတဲ့ မြန်မာ စစ်ကောင်စီကြောင့် ပြောင်းလဲသင့်ပြီလို့ တိုက်တွန်းပြောဆိုသွားပါတယ်။
Ref:DVB
MKF – 001








