မဲခေါင်၊ အောက်တိုဘာ ၈
အောက်တိုဘာ ၅ ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်းမြစ်ဟာ နှစ်ပေါင်း ၅၀ အတွင်းအဆိုးရွားဆုံး မြစ်ရေကြီးမှုဖြစ်ပွားခဲ့ရာက ထိုင်းနိုင်ငံ ချင်းမိုင်တစ်မြို့တည်း အနည်းဆုံး ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
ပင်းမြစ်ရေဟာ စံချိန်တင် ၅ . ၃၀ မီတာ (၁၄ . ၄ ပေ) အထိ မြင့်တက်ခဲ့တာကြောင့် ဒီမြစ်ရေတွေဟာ မြို့ အရှေ့ပိုင်းတစ်လျှောက် လျှံတက်ပြီး ရွှံ့နှစ်ရောင်ရေတွေဟာ နေအိမ်တွေ၊ ဆိုင်ခန်းတွေအတွင်း ဆိုးရွားစွာ နစ်မြုပ်ခဲ့ပြီး ရထားခရီးစဉ်များလည်း ရပ်ဆိုင်းခဲ့ရပါတယ်။
ချင်းမိုင်ပြည်သူ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူ ချာရိုအန်ချိုင်က အသက် ၄၄ နှစ်အရွယ်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး၊ ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရွှံ့စေးမြေပြိုမှုက သေဆုံးနဲ့ အနည်းဆုံး ၃ ယောက် သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုသွားပါတယ်။ ၃ ရက်ဆက်တိုက် ရေကြီးမှု ကြောင့် လူပေါင်း ၈၀ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်စောင့်ရှောက်ခဲ့ရပါတယ်။
နိုင်ငံခြားသားတွေကို ကယ်ထုတ်ရရုံသာမက ဆင်စခန်းက ဆင်ပေါင်းများစွာကိုလည်း ရေဘေးကနေ ကယ်ဆယ်ခဲ့ရာမှာ အောက်တိုဘာ ၆ ရက်နေ့က ဆင် ၂ ကောင် ရေနစ်သေဆုံးခဲ့ကြောင်းလည်း သိရှိရပါတယ်။ လက်ရှိမှာ ချင်းမိုင်ရေကြီးမှု လျော့ကျသွားပြီဖြစ်ပေမယ့် နေအိမ်တွေထဲမှာ ရေတွေတင်ကျန်မှုရှိနေပြီး ပြန်လည် သန့်ရှင်းခြင်းလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေရပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာ ယာဂီမုန်တိုင်း ကြောင့်ရေကြီးမှုတွေဖြစ်ပွားခဲ့သေးသလို အခုလည်း ခရိုင် ၇၆ ခုမှာ ခရိုင် ၂၀ အထိ ရေကြီးခဲ့ပြီး မိသားစုပေါင်း ၃၀၀၀၀ အတိဒုက္ခရောက်ခဲ့ရကြောင်း သဘာ၀ဘေးအန္တရာယ်ကာကွယ်တားဆီးရေးအဖွဲ့က ထုတ်ပြန်သွားပါတယ်။
MKF – 001
Ref: aljazeera










