မဲခေါင်၊ စက်တင်ဘာ ၁၂
မြန်မာနဲ့ထိုင်း နယ်စပ်မြို့တွေဖြစ်တဲ့ မြ၀တီနဲ့ မဲဆောက်မှာ သောင်းရင်းမြစ်ရေ စံချိန်တင် မြင့်တက်နေတာကြောင့် စက်တင်ဘာ ၁၁ ရက်နေ့က အမှတ် (၁) ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်း Rim Mae စျေးနဲ့ ကမ်းနား တစ်လျှောက် ရေနစ်မြုပ်မှုတွေအခြေအနေဆိုးလာရာမှာ မြ၀တီဘက်ကနေ မဲဆောက်ဘက် ကူးလာတဲ့ လှေ တစ်စင်းမှောက်လို့ မြန်မာလူငယ်တစ်ဦး မျောပါ သေဆုံးကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက ရေကြီးမှုထက် ပိုမိုဆိုးရွားတဲ့ ရေကြီးမှုကြောင့် မြစ်ကမ်းနားနဘေး ရေမြုပ်နေတဲ့ အိမ် တွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံ ကယ်ဆယ်ကူညီမှုတွေ လုပ်ဆောင်နေရပြီး Rim Mae စျေးထဲက ပစ္စည်းတွေကိုလည်း အစောပိုင်းကတည်းက ဝိုင်းဝန်းကူညီရွှေ့ပြောင်းပေးနေရပါတယ်။
စက်တင်ဘာ ၁၁ ရက်မှာ မြ၀တီဘက်က လှေနဲ့ မဲဆောက်ဘက် ကူးလာကြမှုမှာ လှေမှောက်လို့ ၂၈ နှစ်အရွယ် မောင်ဟိန်းကိုဆိုသူ ရေထဲ မျောပါနစ်မြုပ်ပျောက်ကွယ်သွားတယ်လို့ ထိုင်း Matichon သတင်းက ဖော်ပြသွား ပါတယ်။
Ref: Matichon
MKF-001










