မဲခေါင်၊ စက်တင်ဘာ ၂
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားခရီးသွားတွေ ထူပြောရာအရပ် လမ်းဘေးစျေးဆိုင်တွေမှာ ရောင်းချတဲ့ ချက်အရက်တွေ သောက်သုံးမိရာက ၆ ယောက်သေ၊ ၃၇ ယောက် ဆေးရုံတင်ခဲ့ရကြောင်း ဘန်ကောက်ပို့စ်နဲ့ The Sun သတင်းမှာဖော်ပြပါရှိလာပါတယ်။
ဒီအခင်းကို ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လရောင်အရက်အမည်နဲ့ ထုတ်လုပ်ရောင်းချသူ ၄၉ နှစ် အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမှုအရ သူမဟာ ဟိုးအရင်ကတည်းက သဘာ၀ ပစ္စည်းတွေနဲ့ပဲ ဖော်စပ်တဲ့ ချက်အရက်ကို ရောင်းခဲ့ရာမှာ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဆူရာဆက်အင်ဆမ် (၄၆ နှစ်) နဲ့ ဆူရာချိုင်အင်ဆမ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ဘာသာ ဆန်အရက်အဖြစ် ချက်လုပ်ထားတဲ့ အရက်ကို တင်ပြလာရင်း အရသာ၊ ဘေးထွက်ဆိုးကျိုးကို စမ်းသပ်ရာမှာ အဆင်ပြေလို့ ရောင်းချနေခဲ့တာပါ။
နောက်ပိုင်း အရက်မှာ အယ်လ်ကိုဟောပါဝင်မှုကျဆင်းခြင်းနဲ့ ဂက်စ်ပျော့ပြီး အရသာပျက်တော့ သူစမ်းသောက် ကြည့်ရာမှာ အနည်းငယ်ဝမ်းလျှောခဲ့ကြောင်း၊ ခုနောက်ဆုံး ဒီလို မထင်မှတ်ထားဘဲ လူတွေ သေဆုံးရတဲ့အထိ ဖြစ်ခဲ့မှုအတွက် စိတ်မကောင်းဖြစ်ရပြီးနောင်တရခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က ဒီ ညီအစ်ကို နှစ်ယောက်ကိုရော သူတို့ကို အရက်ချက်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းများစွာ ရောင်းချပေးခဲ့တဲ့ စက်ရုံ ပိုင်ရှင်ကိုပါ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဘန်ကောက်မြို့ပြရဲမှူးချုပ် ကီယာတီကာက ရှင်းလင်းပြောဆိုသွားပါ တယ်။
ထိုင်းကျန်းမာရေးဝန်ကြီး ဆွမ်ဆက်သပ်ဆုတင်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဒီ အဆိပ်သင့်စေတဲ့ methyl alcohol တွေသောက်သုံးမိရာက သေဆုံးသူ ၆ ယောက်ရှိခဲ့ပြီး ၁၅ ယောက်ကို ခုထိ အသက်ရှူအကူကိရိယာနဲ့ ဆေးရုံမှာ ကုသနေရဆဲဖြစ်ကြောင်း၊ ၂၂ ယောက်ဟာ ကျောက်ကပ်ဆေးခဲ့ရကြောင်း၊ ၂၁ ယောက်က အမြင်တွေ မှုန်ဝါးကုန်ကြတယ်လို့ ရှင်းလင်းထုတ်ပြန်သွားပါတယ်။
Ref: ladbible
MKF-001










