မဲခေါင်၊ ဩဂုတ် ၁၄
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ၂၀၂၃ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ MFP ပါတီကို ဖျက်သိမ်းကြောင်း အမိန့်ထုတ် ပြန်ခဲ့တဲ့ ထိုင်းဖွဲ့စည်းပုံအခြေံဥပဒေခုံရုံးဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းကို အစိုးရဝန်ကြီးအဖွဲ့ထဲ ပြစ်မှုရှိထားသူကို ခန့်အပ်မှုနဲ့ ပြစ်မှု ထင်ရှားကြောင်း ထုတ်ပြန်လိုက်တဲ့အတွက် ဝန်ကြီးချုပ်ရာထူးက ပြုတ်သွားခဲ့ရပြီ ဖြစ်ပါတယ်။
MFP ပါတီကို အစိုးရဖွဲ့ခွင့်မပေးတဲ့အချိန် ကွန်ဆာဗေးတစ် ရှေးရိုးစွဲတွေ၊ ဘုရင်မိသားစု သစ္စာတော်ခံတွေ၊ စစ်ခေါင်းဆောင်တွေနဲ့ မဟာမိတ်လုပ်ပြီး ဖွေထိုင်းပါတီက ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အစိုးရဖွဲ့မှာ သက်ဆင်ရဲ့ လူယုံဖြစ်ခဲ့ဖူးတဲ့ ဆရတ်သာဟာ တစ်ချိန်က သက်ဆင်ရဲ့ ရှေ့နေလုပ်ခဲ့ဖူးသူ ဖိချစ်ချူအန်ဘန်းကို အစိုးရ အဖွဲ့ ဝန်ကြီးအဖွဲ့ထဲ ထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ထိုင်း ရှေးရိုးစွဲတွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ငြိစွန်းပြီး ဖိချစ်ဟာ ၂၀၀၈ ခုနှစ်က တရားရုံးဝန်ထမ်းတစ်ဦးကို လာဘ်ထိုးမှု ရှိခဲ့တယ်ဆိုတဲ့ စွဲချက် တင်ခံထားရသူဖြစ်တာကြောင့် ဝန်ကြီးချုပ်ဟာ ဥပဒေကို ချိုးဖောက်ပြီး ပြစ်မှုရှိသူကို အစိုးရအဖွဲ့ ထဲ ခန့်အပ်တယ်ဆိုပြီး ရာထူးက ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ အခု ဆရတ်သာကို ဝန်ကြီးအဖြစ်က ဖြုတ်ချလိုက်ခြင်းဟာ ပြီးခဲ့တဲ့ ၁၆ နှစ် အတွင်း ထိုင်းဝန်ကြီးချုပ် ၄ ယောက်မြောက်ကို ဖြုတ်ချမှုလည်း ဖြစ်လာခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ ဟန်ပြ မူဝါဒအပေါ် နိုင်ငံတကာက ပိုမို ဝေဖန်စရာဖြစ်လာပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းအရ ဆရတ်သာဟာ သူ့ပြစ်ဒဏ်အတွက် လက်ခံနိုင်ကြောင်း ဝန်ခံပြောကြားသလို သူ့နေရာမှာ ဝန်ကြီးချုပ်သစ်အဖြစ် သက်ဆင်ရဲ့ညီမ ဝန်ကြီးချုပ်ဟောင်း ယင်းလတ်၊ သက်ဆင်ရဲ့သမီး ဖွေထိုင်းပါတီခေါင်းဆောင် ပေထောင်တန်၊ ဒါမှမဟုတ် စွမ်းအင်ဝန်ကြီးလည်းဖြစ် ထိုင်းစစ်တပ်ရဲ့ လူယုံ လည်းဖြစ်တဲ့ အာနူတင်က ဝန်ကြီးချုပ်သစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref:CNA
MKF-001








