မဲခေါင်၊ ဇွန် ၁၂
အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စျေးတွေထဲက တစ်ခုဖြစ်တဲ့ ဘန်ကောက် ချာတူချက် လဟာပြင်စျေးကြီးမှာ ဇွန် ၁၁ ရက်၊ မနက် ၄နာရီဝန်းကျင်က မီးလောင်ခဲ့လို့ တိရစ္ဆာန်အရောင်းဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ခဲ့ ရာက လှောင်အိမ်ထဲက တိရစ္ဆာန်ပေါင်း ၁၀၀၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။
လျှပ်စစ်ရှော့ခ်ဖြစ်ရာက မီးလောင်ရခြင်းဖြစ်ကြောင်း၊ လူတွေသေဆုံးတာ၊ ဒဏ်ရာရတာမရှိကြောင်း၊ တိရစ္ဆာန် ရောင်းချရာစျေးပိုင်းကို မီးလောင်ခဲ့ရာမှာ ဆိုင်ခန်း ၁၁၈ ခန်း၊ ၁၅၀၀၀ စတုရန်းပေ မီးလောင်ခဲ့ကြောင်း တာဝန်ရှိ သူတွေက ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။


ဆိုင်ပိုင်ရှင်တစ်ယောက်က မနက်အစောပိုင်း တိရစ္ဆာန်တွေ ကြောက်လန့်တကြား ဆူညံသံတွေကို ကြားကြားချင်း အိပ်ရာနိုးလို့ ထကြည့်ရာမှာ မီးလုံးကြီးတက်နေတာမြင်ရကြောင်း၊ မီးခိုလုံးကြီးကြောင့် အသက်ရှူကြပ်လို့ ပြတင်းတံခါးတွေဆွဲဖွင့်မှ သက်သာရာရခဲ့ကြောင်း၊ တိရစ္ဆာန်များစွာ လှောင်အိမ်ထဲပိတ်မိရာက မီးလောင်သေဆုံးမှုမှာ ဘယ်နှစ်ကောင်လောက် ရှိမယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်ဘူးလို့ ဒေသတွင်းမီဒီယာမှာ ပြောသွားခဲ့ပါတယ်။
နာရီဝက်ကျော်မီးလောင်ပြီးမှ ငြှိမ်းသတ်နိုင်ခဲ့တဲ့ ဒီမီးလောင်မှုမှာ ငှက်၊ မြွေ၊ ကြောင်၊ ခွေး၊ ကြွက်၊ စပါးအုံးမြွေ၊ တောက်တဲ့ စသဖြင့် တိရစ္ဆာန်ပေါင်းစုံ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ချာတူချက် စျေးကြီးဟာ တိရစ္ဆာန်ပေါင်းစုံကို ကြပ်ညပ်နေအောင် လှောင်အိမ်ကျဉ်းကျဉ်းလေးတွေထဲ ထည့်ထားလို့ တိရစ္ဆာန်ချစ်သူတွေရဲ့ ဝေဖန်မှု များစွာခံနေခဲ့ရတဲ့ စျေးဖြစ်ပြီး စနေ၊ တနင်္ဂနွေ စျေးရက်တွေဆိုရင် ပြည်ပခရီးသွား ၂၀၀,၀၀၀ နီးပါး ပုံမှန်လာ ရောက်လေ့ရှိတဲ့ စျေးဖြစ်ပါတယ်။
Ref:AFP
MKF-001








