မဲခေါင်၊ မေ ၁၄
ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၈ နှစ်သာရှိသေးသူ ဘန်တာလူဝမ်ဟာ ထိုင်းနိုင်ငံက ကွန်ဆာဗေးတစ်တွေ လုံး၀အထိမခံတဲ့ တော်ဝင်ဘုရင် မိသားစု ဘုန်းကျက်သရေမထိပါးရေး ဥပဒေပုဒ်မ ၁၂၂ ကို ဆန့်ကျင် လှုံ့ဆော်ဆန္ဒပြမှုမှာ ပါဝင်လို့ ၂၀၂၄ ဇန်နဝါရီ ၂၆ ရက်နေ့မှာပဲ ထိုင်းဗဟိုအမျိုးသမီးအကျဉ်းထောင်မှာ စတင်ဖမ်းဆီးခံခဲ့ရပါတယ်။
အမှုစစ်ဆေးမှုမှာ ရုံးတော်ကိုမထီမဲ့မြင်မှုကြောင့် ကနဦးထောင်ဒဏ် ၁ လချမှတ်ခံရပြီးနောက် ဇန်နဝါရီ ၂၇ ရက် နေ့မှာပဲ အစာငတ်ခံဆန္ဒပြမှုကို စတင်လုပ်ဆောင်ခဲ့ပြီး ပိုင်ဆိုင်ထားမှုတွေ၊ အမွေဆက်ခံခွင့်တွေ အားလုံးကို တက်ကြွလှုပ်ရှားသူတွေနဲ့ အစ်မဖြစ်သူထံ လွှဲပေးခဲ့ပါတယ်။
အခု ထောင်အာဏာပိုင်တွေက မေ ၁၃ ရက်မှာ သတိမေ့လဲကျနေတာတွေ့ရလို့ ထောင်တွင်းဆေးရုံကနေ သမ်မာဆတ်ဆေးရုံဆီ လွှဲပြောင်း ကုသကယ်ဆယ်ဖို့ လုပ်ပေမယ့် လဲကျကတည်းက နှလုံးရပ်သွားခဲ့လို့ မေ ၁၄ ရက် မနက် အစောပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ကြောင်း ဘန်တာလူဝန်ရဲ့ ရှေ့နေထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက ဘန်တာလူဝန်ဟာ သေတမ်းစာနဲ့ ပိုင်ဆိုင်မှု၊ အမွေ လွှဲပြောင်းပေးအပ်တဲ့ စာကိုရေးသားပေးခဲ့ပြီး ဒီစာထဲမှာ အသက်သေဆုံးခဲ့ရင် သမ်မာဆတ်ဆေးရုံထံ ခန္ဓာကိုယ်အလောင်းကို အများအတွက် လှူဒါန်းခဲ့မယ်လို့ပါ ထည့်သွင်းရေးသားခဲ့သူ ဖြစ်ပါတယ်။
ထိုင်းလူ့အခွင့်အရေးရှေ့နေများအဖွဲ့က သူမရဲ့ ရှေ့နေ ခရစ္စဒန်နတ်ချာရတ်က လွန်ခဲ့တဲ့တစ်ပတ်ကပဲ ထောင်ဝင်စာသွားတွေ့မှုမှာ ဘန်တာလူဝန်ဟာ ကိုယ်အလေးချိန် ၁၀ ကီလို လျော့ကျသွားပြီး ခေါင်းကိုက်၊ တစ်ကိုယ်လုံး နာကျင်ဝေဒနာနဲ့ ခြေလက်တွေဖောရောင်နေတာတွေ့ရတယ်လို့ ရှင်းလင်းပြောဆိုသွားပါတယ်။
Ref: thaipbsworld
MKF-001








