မဲခေါင်၊ သြဂုတ် ၂၄
NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MOD ကနေ ချပေးတဲ့ ဒရုန်း ၄၀၀ ကျော် ဖြန့်ဝေရာမှာ ဒေသခံ ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တချို့တွေဆီ မရောက်ခဲ့တဲ့ အထဲမှာ National People Defence Force-Yinmarbin-NPDF ပါဝင်တယ်လို့ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကိုယ်စားပြု NPDF ဒေသခံ ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပြောက်ကျားစနစ်နဲ့ စစ်ကောင်စီကို ချေမှုန်းနေတာပါ။
“ NUG ကနေ ချပေးတဲ့ ဒရုန်းတွေ ဆိုတာက ဈေးအနေနဲ့ ဆိုရင် ကျပ်သိန်း ၂၀၀ ကျော်လောက်ရှိမယ်။ အဲဒီ အတွက် ကျွန်တော်တို့ ကြိုးစားကြည့်တယ်။ သူတို့ဘက် အနေနဲ့ကလည်း ခက်ခဲပေါင်းစုံလည်း ရှိတာပေါ့။ အဲဒါတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ ဒီဒရုန်းစစ်ဆင်ရေးက ပိုပိုပြီး အားကောင်းလာတဲ့ အတွက် ဒီလိုမျိုးဒရုန်းတွေကို Local ဒေသခံ ပြောက်ကျားတပ်ဖွဲ့ တော်တော်များများဆီကိုလည်း ရောက်ခဲ့ရင် ပိုကောင်းတာပေါ့” NPDF တာဝန်ခံ ဗိုလ်သူရိန်က ပြောပါတယ်။
၄င်းတို့ အနေနဲ့ တပ်ဖွဲ့ တည်ထောင်ပြီး လပိုင်းအကြာမှာ ကျေးရွာ တစ်ရွာက ထွက်လာတဲ့ စစ်ကား ၂ စီးကို ချိုမိုင်မိုင် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိစေခဲ့တဲ့ တိုက်ပွဲနဲ့ တော်လှန်ရေး စတင်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ အာဏာကိုသုံးပြီး လွှမ်းမိုးလိုမှုနဲ့ နေရာတစ်ခု ရရှိလာတဲ့အခါ ခြယ်လှယ်လာ သလို ပြည်သူလှူဒါန်းတဲ့ ငွေကြေးတွေကို မက်မောပြီး သာယာလာတာတွေ မြေပြင်မှာ ဖြစ်ပေါ်နေတယ်လို့ Yinmarbin-NPDF ဒေသခံ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“ ဒီလိုမျိုး အခြေအနေတွေကို အကောင်းဆုံး အချိန်မီ ဖြေရှင်းပေးနိင်မယ်ဆိုရင် ပိုမိုထိရောက်လာလိမ့်မယ်လို့ မြင်မိပါတယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောထားတဲ့ စကားလေးကို ကိုးကားပြီး ပြောချင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ တိုင်းပြည်အတွက် အသက်ပေးလှူထားရတယ် ဆိုပြီး မိမိအသက်ထက် ပြည်သူကို ပိုမိုလေးစားသင့်ကြောင်းပေါ့” လို့ သူက ဆိုပါတယ်။
လက်ရှိ တော်လှန်ရေး မြေပြင် အခြေအနေအရ NUG အနေနဲ့ ဒရုန်းတွေ ပံ့ပိုးပေးပါက စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ပြီး ကျေးရွာတွေ မီးရှို့ခံနေရတာကို ပိုမို ဟန့်တားနိုင်မှာ ဖြစ်လို့ ဒရုန်းတွေ ပံ့ပိုးပေးဖို့ သူက တိုက်တွန်း တောင်းဆိုထားပါတယ်။
CJ – 005
#ပြောက်ကျား
#NPDF
#National People Defence Force-
#ဒရုန်း
#NUG
#MOD