မဲခေါင်၊ ဇူလိုင် ၂၀
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာ (ရွာမ) ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့က ဇူလိုင် ၁၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းရာ တိုက်ပွဲကြာချိန် မိနစ် ၃၀ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန် ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ အဆောက်အအုံတစ်ခု ပြိုကျပျက်စီးခဲ့ပြီး တပ်သားတွေထိခိုက်သေဆုံးခဲ့တယ်လို့ MBT က ဆိုပါတယ်။
အဆိုပါ တိုက်ပွဲမှာ MBT ဘက်က စခန်းသိမ်းဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ပစ်ခတ်နေရင်း RGP-7 ပြောင်းကွဲသွားတာကြောင့် စစ်ကောင်စီစခန်းရဲ့ ဘန်ကာကို ဆက်လက်မဖြိုခွင်းနိုင်တော့ဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဟင်္သာ(ရွာမ) ကျေးရွာ အဝင်အထွက်ကို စစ်တပ်က ပိတ်ထားလျက်ရှိရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု သိရှိနိုင်ဖို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MK – 009
#MekongNews
#ရေစကြိုမြို့နယ်
#Myingyan_Black_Tiger
#RGP-7