မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ရှိ ပြည်သူတွေရဲ့ နေအိမ် ခြံဝန်းအတွင်းတွေထဲမှာ စစ်သားအလောင်းတွေ မြုပ်နှံထားတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ဘေးရှောင်နေတဲ့ သိန္နီမြို့ခံတွေ ကိုယ့်အိမ်ကိုယ် ပြန်လာကြည့်တဲ့ အချိန်မှာ အပုပ်နံ့တွေလှိုင်နေပြီး ခြံဝန်းအတွင်းမြေတွေ တူးဆွထားတာတွေကို ဖော်ကြည့်ရမှာ စစ်သားအလောင်းတွေ တွေ့ရတယ်လို့ဆိုပါတယ်။
စစ်ကေင်စီရဲ့ ခလရ ၉၆ တပ်နဲ့၊ စကခ-၁၆ အနီးရှိ ကျောင်းခမ်း၊ ကောင်းဟော် အိမ်ဝန်းတွေထဲမှာ တွေ့ရတာဖြစ်ပြီး အလောင်းတွေကို လူငှားနဲ့ပြန်တူးဖော်ကာ အခြားနေရာတွေကို သွားမြုပ်နေရတယ်လို့ ပြောပါတယ်။
“ အိမ်တွေက ပျက်စီးကုန်တာ ပြန်နေလို့မရသေးဘူး၊ ပြောင်းချိုးရင်း အိမ်လာကြည့်တာမှာ တွေ့တာ၊ အိမ်တိုင်းလိုလို မြုပ်ထားတာ၊ ဘယ်သူကမှ ငါ့ရဲဘော်ပါဆိုပြီး လာလုပ်ပေးတာ မရှိဘူး” လို့ လားရှိုးမှာ စစ်ဘေးရှောင်နေရဆဲ သိန္နီမြို့နေသူတစ်ဦးက ပြောပါတယ်။
ခြံထဲက ၃ လောင်းတွေ့ခဲ့ပြီး ရပ်ကွက်ထဲမှာ အလောင်း ၂၀ ခန့် တွေ့ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
အဆိုပါ ရုပ်အလောင်းတွေဟာ ၁၀၂၇ တိုက်ပွဲတွေအတွင်း သေဆုံးသူများဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိတွင် သိန္နီမြို့ကို TNLA က ထိန်းချုပ်ထားပြီး မြို့နေလူထုပြန်လာရန် အသိပေးထားသော်လည်း နေအိမ်ပျက်စီးတာတွေ၊ တိုက်ပွဲထပ်ဖြစ်မှာတွေကြောင့် စစ်ရှောင်အများစု မပြန်သေးဘဲ လားရှိုးတွင်သာ စစ်ရှောင်နေကြတယ်လို့ စစ်ဘေးရှောင်တွေထံမှ သိရပါတယ်။
MK-012
#MeKongNews
#သိန္နီ
#စစ်သား
#အလောင်း