မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို ဒုတိယအကြိမ်အဖြစ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ဒရုန်း ၃ စီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ဒရုန်းဖျက်ဆီးနိုင်တဲ့ Jammer တပ်ဆင်ထားမှုကြောင့် ဗုံးကြဲချမှု အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
“ စစ်ကောင်စီ တပ်ဆင်ထားသော Jammer ကြောင့် Drone တစ်စီးအား ပြန်လည် ခေါ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ဆုံးရှုံးခဲ့ရပါသည်။ Jammer တပ်ဆင်ထားမှုကြောင့် Drone ၃ စီးမှာ ဗုံးသီး ၂ လုံးသာ ကြဲချနိုင်ခဲ့ပြီး စိတ်ကြိုက် Mission ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါ” လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ပြောပါတယ်။
ဗုံးကြဲချပြီးနောက် စစ်ကောင်စီဘက်မှ ရမ်းသန်း ပစ်ခတ်ခဲ့ပြီး နင်းမိုင်းများ ကွဲတယ်လို့ သတင်းလွှင့်ကာ ရွှေလုပ်ကွက်တွေထဲ စစ်ကြောင်းထိုး စုံစမ်းစစ်ဆေး ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
အဲဒီ ရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ ရဲသား ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခု ဒုတိယအကြိမ် စစ်ဆင်ရေးကို ဗိုလ်ကောင်းကင် တပ်ဖွဲ့-ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ ဗိုလ်လင်းယုန် တပ်ဖွဲ့-ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ စဉ့်ကူးမြို့နယ်-ပ.က.ဖ၊ Nine PDF၊ ဧရာဝတီ ပျံလွှား၊ Sky Hero-Madaya၊ ARDF တော်လှန်ရေး အင်အားစုနဲ့ Peacock Warrior Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။
MK-003