မဲခေါင်၊ စက်တင်ဘာ ၂၇
ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့အထွက် လားရှိုး – မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတဲ့ DENKO စက်သုံးဆီဆိုင်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင် အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းရာ လူ တစ်ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
DENKO ဆီဆိုင်ဟာ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပြီးမှ မီးလောင်ကျွမ်းခဲ့တာလို့ မျက်မြင်တွေ့တဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဆီလာဖြည့်တဲ့ ဆိုင်ကယ် ကနေ ပေါက်ကွဲလာပြီး ဆီလာဖြည့်နေတဲ့ သစ္စာဟိဏ်း မူဆယ် – လားရှိုး – နေပြည်တော် – တောင်ငူ ခရီးသည်တင်မှန်လုံကားတစ်စီးနဲ့ အိမ်စီးကားတစ်စီး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ခရီးသည် တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခရိုင် ပြန်/ဆက်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မိနစ် ၄၀ခန့် မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၅ နာရီ မိနစ် ၄၀ ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူကို ကမ်းလင့်လက်ပရဟိတအသင်း၊ လားရှိုးလူငယ်ပရဟိတအသင်းနဲ့ ကြက်ခြေနီ အသင်းတို့မှ လားရှိုး ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ထားတယ်လို့ သိရပါတယ်။
Photo – လားရှိုးခရိုင်ပြန်ဆက်
CJ – 008