မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေးသပိတ် အင်အားစုမှ အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရတာ တစ်နှစ်ရှိလာပြီ ဖြစ်ပေမယ့် အဆက်အသွယ် မရလို့ မိသားစုဝင်တွေ စိတ်ပူနေတယ်လို့ မန္တလေး သပိတ်အင်အားစုက မနေ့က ထုတ်ပြန်ပါတယ်။
သပိတ်အဖွဲ့ဝင် ကိုသူရအောင်၊ ကိုရဲဇင်ထွန်း၊ ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင် တို့ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၉ ရက်က ဖမ်းခံခဲ့ရတာပါ။
သူတို့ကို မန္တလေး၊ မဟာအောင်မြေမြို့နယ် နေအိမ်မှာ စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရချိန်က စကာ ဒီကနေ့အထိ သတင်းအစအနနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။
မတရား ဖမ်းဆီးခံရချိန်မှစပြီး လက်ရှိချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီး ထားလဲဆိုတာ မသိရှိရသေးသလို အကောင်းအဆိုး သတင်း တစ်စုံတစ်ရာ ကြားသိရတာ မရှိဘူးလို့ မန္တလေး သပိတ်အင်အားစုက ပြောပါတယ်။
“ ကျနော်တို့ ရဲဘော်များရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို အထူးစိုးရိမ် ပူပန်လျက်ရှိကြပြီး သူတို့၏ မိသားစုဝင်များနှင့် အမြန်ဆုံး အဆက်အသွယ်ရနိုင်ဖို့ လေးနက်စွာ တောင်းဆိုအပ်ပါတယ်” လို့ မန္တလေး သပိတ်အင်အားစုက ပြောပါတယ်။
သူတို့ ၄ ဦးရဲ့ အသက်အန္တရာယ် အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပြီး ဖမ်းဆီးခံရချိန် အထိ ကျန်းမာရေး ကောင်းမွန်သူတွေဖြစ်လို့ ဖမ်းဆီးပြီးနောက် ဖြစ်ပေါ်လာသမျှ အားလုံးကို စစ်တပ်က တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်တယ်လို့ မန္တလေး သပိတ်အင်အားစုက အသိပေးထားပါတယ်။
MK-003
#MeKongNews
#မန္တလေးသပိတ် #ဖမ်းဆီးခံရ #မဟာအောင်မြေမြို့နယ်