မဲခေါင်၊ အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ်၊ ကေအိုင်အေ တပ်မဟာ (၉) နယ်မြေမှာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ လေယာဉ် ၆ စီးနဲ့ ရုတ်တရက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်း သတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနား လေတပ်က ပျံတက်လာတဲ့ စစ်တိုက်လေယာဥ် ၆ စီးနဲ့ ဖားကန့်မြို့နယ်၊ အနန့်ပါ၊ တပ်ရင်း (၁) ဌာနချုပ် ဝန်းကျင်မှာ ညနေ ၄ နာရီ ၄၅ မိနစ်က တကြိမ်၊ ၄ နာရီ ၄၉ မိနစ်က တစ်ကြိမ် ဗုံးကြဲသွားတဲ့အပြင် အနန့်ပါ ဘက်လည်း ဗုံးကြဲ သွားတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
“ စစ်ကောင်စီတွေ ကေအိုင်အေ တပ်မဟာ (၉) နယ်မြေဘက် ဂျက်ဖိုက်တာ ၆ စီးနဲ့ ဗုံးလာကြဲ သွားတယ်” လို့ သူက အတည်ပြု ပြောပါတယ်။
ဒါ့အပြင် ညနေ ၅ နာရီ ခွဲကျော်မှာ ကံဆီး အခြေစိုက် စစ်ကောင်စီတပ်က ကေအိုင်အေ တပ်မဟာ (၉) နယ်မြေဘက် လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်နေတာလို့ နောက်ထပ် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အနန့်ပါဘက် ညနေ ၅ နာရီခွဲ ဝန်းကျင်က ရုတ်တရက် ဗုံးအများအပြား လာကြဲသွားလို့ ထိခိုက်မှုရှိပေမယ့် အသေးစိတ် မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညသန်းခေါင်ကလည်း စစ်ကောင်စီက ဗုံးကြဲခဲ့လို့ ကလေးသူငယ်တွေ အပါအဝင် စစ်ရှောင်ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ဖားကန့် အနန့်ပါမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးပြီး လူရာချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
CJ-008
#MekongNews
#ဖားကန့်
#KIA
#ဗုံးကြဲ