မဲခေါင်၊ အောက်တိုဘာ ၁၀
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ဖရူဆို-ဘောလခဲ ပြည်ထောင်စုလမ်းမမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ အောက်တိုဘာလ ၁ ရက်နေ့ကနေ ဒီကနေ့ ၁၀ ရက်နေ့အထိ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းရောက် တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောပါတယ်။
မယ်စဲ့မြို့နယ်ဘက်ကို ဦးတည်နေတဲ့ စစ်ရိက္ခာ ယာဥ်တန်း ရှေ့တိုးနိုင်ဖို့ ဒေသတွင်းမှာ စစ်ကြောင်း ၆ ကြောင်းနဲ့ စစ်ကြောင်းထိုး ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား အခုရက်ပိုင်း အတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
“ ကားမိန်းလမ်းဘေး အဲ့ကောင်တွေ (စစ်ကောင်စီတပ်) ခြေကုပ်ယူထားတယ်။ တိုက်ပွဲက အခြေနေအရပေါ့။ သူတို့ဆုတ်တယ် ကိုယ်သာတယ်ဆိုရင် လိုက်ချေမှုန်း။ ကိုယ့်ဘက်က အခက်အခဲရှိရင်လည်း ပြန်ဆုတ် အဲ့လိုပေါ့။ ယာဥ်တန်းကို ရှေ့တိုးဖို့ သူတို့က စစ်ကြောင်းထိုးနေတာ။ လမ်းကြောကို သူတို့ မထိုးဖောက်နိုင်ဘူး။ နည်းနည်းထွက်လာတာနဲ့ ကျွန်တော်တို့က ပစ်တယ်။ ဟိုတလောကလည်း သူတို့ကားကို မီးရှို့ထားပြီးပြီ။ သူတို့ လှုပ်ရှားမှုပေါ် မူတည်ပြီး တိုက်ပွဲ ဖြစ်နေတာပေါ့” လို့ တော်လှန်ရေး ရဲဘော်က ရှင်းပြပါတယ်။
စစ်လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ တင်ဆောင်ထားတဲ့ စစ်ယာဥ်တန်း အစီး ၆၀ ခန့် လက်ရှိ အမှတ် (၁၄) တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ သောင်တင်နေလို့ ပြည်ထောင်စု လမ်းမကို အသုံးပြုပြီး မယ်စဲ့မြို့နယ်ဘက် သွားနိုင်ဖို့ စစ်ကောင်စီတပ်က ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ရှိ ဒေသတွင်း တပ်မ (၆၆) အပါအဝင် လက်အောက်ခံ တပ်ရင်းတွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ရဲဘော်တွေက ပြောပါတယ်။
တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ် သာမက တော်လှန်ရေးတပ်ဘက်ကလည်း ထိခိုက် ကျဆုံးတာတွေ ရှိပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။
လက်ရှိ စစ်ကောင်စီတပ်ဟာ ဖရူဆိုမြိုနယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံ တစ်ချို့ ဒဏ်ရာရပြီး လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CJ-004
#MeKongNews
#ဖရူဆိုမြို့နယ်
#တပ်မ_(၆၆)
#တော်လှန်ရေး