မဲခေါင်၊ ဇူလိုင် ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ နမ့်တောင်းရွာ အနီးမှာ မနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်က စစ်ကောင်စီနဲ့ TNLA တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး TNLA ဘက်က ၂ ယောက်ထိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“၂ ယောက်တော့ ထိတယ်။ ၁ ယောက်ကို ဆိုင်ကယ်နဲ့ တင်သွားတယ်။ သူတို့ TNLA လူတွေပဲ လာယူသွားတာ။ တယောက်တော့ ဝါးလုံးနဲ့ သယ်သွားတယ်” လို့ ဒေသခံ ၁ ဦးကပြောပါတယ်။
နမ့်တောင်းရွာ အဝင်မုဒ်ဦးနား TNLA စစ်သားတွေ သွားလာနေကျနေရာမှာ စစ်ကောင်စီအဖွဲ့က ကျောက်တင်ကားနဲ့ ၁၀၅ မိုင်ဘက်ကလာပြီး အလစ်အငိုက် ဝင်ပစ်သွားတာလို့ နမ့်တောင်း ဒေသခံ ၁ ဦးက ပြောပါတယ်။
ထိတွေ့တိုက်ပွဲကြောင့် ရွာအဝင် ခေါက်ဆွဲဆိုင် ၁ ဆိုင်မှာတော့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးသွားကြောင်း သူက ပြောပါတယ်။
“ရွာဘက်ထဲတော့ လက်နက်ကြီးကျည် ၁ လုံး အမျိုးသမီး ၁ ယောက် ခေါက်ဆွဲဆိုင်ဖွင့်ထားတဲ့နား ခေါက်ဆွဲဆိုင်မှာ လာကျလို့ ဆိုင်တော့ ဟောင်လောင်းကြီး ပျက်စီးသွားတယ်” လို့ သူက ရှင်းပြပါတယ်။
အဲဒီပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာမှာ TNLA စစ်သား ၂ ဦး မတ်တပ်ရပ် စောင့်ဆိုင်းနေပြီး နောက်ထပ် TNLA စစ်သား အချို့လည်း အဲဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ခြေကျင်နဲ့ သွားနေခဲ့ကြောင်း လမ်းသွားလမ်းလာ ဒေသခံတွေက ပြောပါတယ်။
နမ့်တောင်းရွာ အနီးဝန်းကျင်မှာတော့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့ နဲ့ ကိုးကန့် MNDAA, TNLA, KIA တို့ အဓိက သွားလာလှုပ်ရှားရာ နေရာဖြစ်ပြီး တခါတရံ မြောက်ပိုင်း ညီနောင် သုံးဖွဲ့လည်း လှုပ်ရှားသွားလ လေ့ရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁ ပတ် ကျော်ခန့်ကလည်း အဲဒီ နမ့်တောင်းရွာ ကနေ မုံးပေါ်ရွာသွားတဲ့လမ်း ဗြုန်းတောင် အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
CJ-008
#MeKongNews
#နမ့်တောင်းရွာ
#TNLA
#စစ်ကောင်စီ